အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

မိုးဆက်လက်သည်းထန်နေ၍ ဂွနှင့် ဧရာဝတီသို့ဆက်သွယ်ထားသည့် ဂွတောင်ကြားလမ်းရှိ တောင်​မြေများ ပြိုကျ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 562

မောင်စာဂ

နိရဥ္စရာ၊ ဇူလိုင် ၂၈/၂၀၂၄ 

ရခိုင်တွင် မိုးဆက်လက်ပြီး သည်းထန်စွာရွာသွန်းနေ၍ ရခိုင်ပြည်တောင်ဘက်အစွန်ဆုံးဖြစ်သည့် ဂွမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့နယ်သို့ဆက်သွယ်ထားသည့် ဂွတောင်ကြားကားလမ်းရှိ တောင်​မြေများသည် ယနေ့တွင် ပြိုကျနေသည်ဟု သိရသည်။

ဂွတောင်ကြားလမ်း၏ ဒေသအခေါ် ၄ မိုင်နှင့် ၅ မိုင်ကြားတွင် ယနေ့ ဇူလိုင်လ ၂၈ ရက်၌ တောင်မြေများပြိုကျနေခြင်းဖြစ်သည်ဟု ဒေသခံများက နိရဥ္စရာကို ပြောသည်။

ဂွဒေသခံတစ်ဦးက "ပြိုပေမဲ့ ကြီးကြီးကျယ်ကျယ်ကြီးတော့မဟုတ်ဘူး။ လမ်းထက်ဝက်လောက်ကိုပဲ ပြိုတာဆိုတော့ နည်းနည်းပါးပါးလုပ်ကိုင်ပြီးလို့ရှိရင် သွားလို့ရတယ်။ အခုလည်း သွားတော့ သွားနေကြတာပဲ"ဟု ပြောသည်။

ပြိုကျလာသည့်မြေစိုင်ခဲများနှင့်မြေသားများကို ကားသမားများနှင့် ခရီးသွားပြည်သူများက ကိုယ်ထူကိုယ်ထ ဖယ်ရှားရှင်းလင်းကာ သွားနေရပြီး ယင်းအနီးတွင် ကုန်ကားကြီးတစ်စီး လမ်းကျွံနေ၍ အနည်းငယ် လမ်းပိတ်ဆို့မှုဖြစ်ပေါ်နေသည်ဟု ဒေသခံများက ပြောသည်။

ယမန်နေ့ ဇူလိုင်လ ၂၇ ရက်၊ နံနက်အစောပိုင်းကလည်း အဆိုပါ ဂွ-ငါးသိုင်းချောင်းကားလမ်းမရှိ ဒေသအခေါ် ၁၇ မိုင်တွင် လမ်းပြတ်ရွေ့ကြောများဖြစ်ပေါ်ပြီး ကုန်ကားများနှင့် ခရီးသည်တင်ကားများ သွားလာမရဖြစ်နေခဲ့ကြသေးသည်။

ယင်းနေရာကိုလည်း ကားသမားများနှင့် ခရီးသွားပြည်သူများက ကိုယ်ထူကိုယ်ထ ယာယီပြုပြင်၍ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနေကြပြီဟု သိရသည်။

သို့သော် အန္တရာယ်ရှိနိုင်၍ လမ်းသွားလမ်းလာ ကားသမားများနှင့် ခရီးသည်များအနေဖြင့် သတိထားသွားလာကြရန်လိုအပ်သည်ဟုလည်း ဒေသခံများက ပြောဆိုသည်။

ဇူလိုင်လ ၂၆ ရက်ကလည်း စစ်တွေ-ရန်ကုန်ကားလမ်းမကြီးရှိ အမ်းမြို့နယ်အတွင်း အမ်း-ပဒါန်းကားလမ်းပိုင်းသည် ပြိုကျပျက်စီးသွားပြီး သွားလာရေးပြတ်တောက်နေသည်ဟု သိရသည်။

ဂွမြို့နယ်နှင့် အမ်းမြို့နယ်အပါအဝင် သံတွဲနှင့် တောင်ကုတ်မြို့နယ်တို့တွင်လည်း ဇူလိုင်လ ၂၅ ရက်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းနေ၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိသည်။

ဓာတ်ပုံ - ယနေ့ပြိုကျသွားသည့် ဂွတောင်ကြားလမ်းအားတွေ့ရစဥ်။ Photo - Ko Kyaw Myint Mg

ဆက်စပ် သတင်းများ