တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု ရွေးကောက်ပွဲထပ်မံယှဉ်ပြိုင်ရန် ပါတီဗဟိုသို့အဆိုပြုလွှာပို့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 1.6k

မာန်ယုကျော် (ရွှေဝမြေ)

စစ်တွေ၊ ဇူလိုင် ၂ဝ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုသည် သူ၏မူလမဲဆန္ဒနယ်မြေဖြစ်သည့် ဂွမြို့နယ် မဲဆန္ဒနယ်မှ ထပ်မံယှဉ်ပြိုင်မည့်အဆိုပြုလွှာကို ပါတီဗဟိုသို့ပို့ထားပြီဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ စစ်တွေမြို့နယ် ဥက္ကဋ္ဌ ဦးစံရွှေကျော်က နိရဥ္စရာသို့ ပြောသည်။

"ဂွမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်စာရင်းနဲ့ တင်တယ်။ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အဖြစ်၊ နဂိုကလည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဂွကပဲ။ သူအခုလည်း အဲဒီဂွမြို့နယ်ကပဲ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် တင်လိုက်ပြီ။ အတည်ပြုဖို့၊ မပြုဖို့တာက ဗဟိုကော်မတီကပဲ အတည်ပြုမှာ"ဟု ဦးစံရွှေကျော်က ပြောသည်။

ဝန်ကြီးချုပ်၏ အဆိုပြုလွှာတင်ထားသည့် ကိစ္စနှင့် ပတ်သက်ပြီး  ပါတီဗဟို၏ ပြန်ကြားရေး ကော်မတီဝင် မုံရွာအောင်ရှင်က "ဘယ်နေ့က တင်လိုက်တယ်ဆိုတာတော့ ကျနော်လည်း မသိဘူး။ ဝန်ကြီးချုပ်တွေ တော်တော်များများ ကတော့ အကုန်ပြိုင်ဖို့များပါတယ်။ အခုဟာက ကျနော်တို့က မနက်ဖြန်လောက်မှ ကိုယ်စားလှယ်စာရင်းက အတော်အသင့်သိရမှာဆိုတော့လေ။ ဒါပြောလို့ မရသေးဘူး"ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ဝန်ကြီးချုပ်ဦးညီပုသည် ပြီးခဲ့သည့် ၂ဝ၁၅ ရွေးကောက်ပွဲတွင် ဂွမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့သူဖြစ်သည်။

ယင်းနောက် သူ့အား ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ရန် သမ္မတဟောင်း ဦးထင်ကျော်က ၂ဝ၁၆ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ပြည်နယ်လွှတ်တော်သို့ အမည်စာရင်းပေးပို့ခဲ့သည်။ မတ်လ ၃ဝ ရက်နေ့က ပြုလုပ်သည့် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ဦးညီပုအား ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အတည်ပြုခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်လွှတ်တော်တွင် မဲအများဆုံး အနိုင်ရရှိခဲ့သည့် ရခိုင်အမျိုးသားပါတီ (ANP)မှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦးကို ဝန်ကြီးချုပ်မခန့်ဘဲ ဦးညီပုအား ခန့်အပ်ခဲ့ခြင်းကို ANP ပါတီက ကန့်ကွက်ခဲ့ကြသည်။ ANP မှ အနိုင်ရ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အများစုသည်  ဦးညီပုအား ဝန်ကြီးချုပ်ခန့်အပ်သည့်နေ့တွင် အစည်းအဝေးကျင်းပနေစဉ် ခန်းမအတွင်းမှ ထွက်ခွာကာ သပိတ်မှောက်ခဲ့ကြသလို ANP ကို အားပေးထောက်ခဲ့သည့်ရခိုင်ပြည်သူများကလည်း လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒပြခဲ့ကြသေးသည်။

လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်နေသူ ဦးညီပုသည် ယခုတဖန် ပြည်နယ်လွှတ်တော် နေရာအတွက် ထပ်မံဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက ဝန်ကြီးချုပအ ဆောင်အယောင်နှင့် မဲဆွယ် စည်းရုံးမည်မဟုတ်ဘဲ ရိုးရိုးသာမန်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ဝင်ပြိုင်ရလိမ့်မည်ဟုထင်ကြောင်း မုံရွာအောင်ရှင်က ပြောသည်။

"ကျနော်မြင်တာကတော့ ဝန်ကြီးချုပ်က ရိုးရိုးဟိုဟာအနေနဲ့ပဲ ပြိုင်ရလိမ့််မယ်ထင်တယ်။ ကျနော့် အမြင်ပြောတာနော်။ ဝန်ကြီးချုပ် အဆောင်အယောင်အနေနဲ့ မဟုတ်ဘဲ ရိုးရိုးသာမန် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ပဲ ဝင်ပြိုင်ရမယ်လို့ ထင်ပါတယ်"ဟု မုံရွာအောင်ရှင်က ဆိုသည်။

ဝန်ကြီးချုပ်ဦးညီပုအနေဖြင့် ရွေးကောက်ပွဲထပ်မံယှဉ်ပြိုင်မည်ဆိုပါက ဥပဒေအရ လက်ရှိ ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ပေးရမည်ဖြစ်သည်။

ရွေးကောက်ပွဲကာလတွင် လစ်လပ်နေသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာအတွက် မည်သို့ စဉ်းစားထားသနည်းဟု မေးမြန်းရာ မုံရွာအောင်ရှင်က "ဖွဲ့စည်းပုံအခြေခံဥပဒေအရ နောက်ထပ် အဲဒီလို ရွေးကောက်ပွဲကာလပေါ့လေ။ ရွေးကောက်ပွဲကာလမှာ ကြီးကြပ်တဲ့အဖွဲ့အစည်း ပြန်ပြီး ဖွဲ့ချင်ဖွဲ့မှာပေါ့။ အဲဒါတော့ ကျနော်လည်း မပြောတတ်ဘူး"ဟု ဆိုသည်။

NLD ပါတီသည့် ၂ဝ၁၅ ရွေးကောက်ပွဲတွင် ဂွမြို့နယ်အပါအဝင် သံတွဲ၊ တောင်ကုတ်၊ မာန်အောင်မြို့နယ်စသည့်မြို့နယ်များ၌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာအားလုံးကို အနိုင်ရရှိခဲ့သည်။

၂ဝ၂ဝ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ (၈)ရက် (တနင်္ဂနွေ)နေ့တွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၂ ရက်နေ့တွင် ကြေညာထားသည်။


ဆက်စပ် သတင်းများ