တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

လာမည့်ခရီးသွားရာသီတွင် ရခိုင်သို့ ရုရှားမှဧည့်သည်များလာရောက်လည်ပတ်နိုင်ရန် စစ်ကောင်စီ စီစဉ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.5k

လာမည့်ခရီးသွားရာသီအတွင်း ရခိုင်ပြည်နယ်သို့ ရုရှားနိုင်ငံမှဧည့်သည်များလာရောက်လည်ပတ်နိုင်ရန် စစ်ကောင်စီက စီစဉ်နေကြောင်း သတင်းရရှိသည်။

ခရီးသွားရာသီကိုကြိုဆိုသောအားဖြင့် လာမည့်နိုဝင်ဘာလအတွင်းတွင် ငပလီကမ်းခြေအတွင်း ဆောင်းဦးပွဲတော်ကျင်းပသွားမည်ဖြစ်ပြီး ရုရှားနိုင်ငံမှ ရုရှားနိုင်ငံသား ၃ဝ ကျော်ပါဝင်သည့် ခရီးစဉ်တစ်ခုကိုလည်း ရခိုင်ပြည်သို့ လာရောက်လည်ပတ်ရန်စီစဉ်ထားသည်ဟု စစ်ကောင်စီပိုင် မြန်မာအသံနှင့်ရုပ်မြင်သံကြားသတင်းတွင် အောက်တိုဘာ ၅ ရက်က ကြေညာသွားခဲ့ကြောင်း သိရသည်။

“ခရီးသွားရာသီကိုကြိုဆိုသောအားဖြင့် ငပလီကမ်းခြေမှာ ဆောင်းဦးပွဲတော်ကို နိုဝင်ဘာလ အတွင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ အဲ့ဒီအပြင် ရုရှားနိုင်ငံသား အယောက် ၃၀ ကျော်ပါဝင်သည့် ခရီးစဉ်တစ်ခု ရခိုင်ပြည်နယ်သို့လာရောက်လည်ပတ်ရန်ရှိကြောင်း” ကြေညာသွားခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာနမှ ညွှန်ကြားရေးမှူးကိုဆက်သွယ်ခဲ့သော်လည်း ခရီးသွားနေ၍ အင်တာဗျူးရန်မရကြောင်း ဖြေဆိုခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဟိုတယ်နှင့်တည်းခိုရိပ်သာ အလုံး ၁၀၀ ကျော်ရှိသည့်အနက် မိုခါမုန်တိုင်းကြောင့် အများအပြားပျက်စီးသွားခဲ့ပြီး လက်ရှိတွင်  ၇၀ ကျော်ကို မိုခါမုန်တိုင်းပြီးနောက် ယခုနှစ်မိုးရာသီတွင် ဖွင့်လှစ်နိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ်ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

ဟိုတယ်နှင့် တည်းခိုရိပ်သာများပြန်လည်ဖွင့်လှစ်လျက်ရှိသော်လည်း ပြည်တွင်းပြည်ပဧည့်သည်များ လာရောက်သူနည်းပါးနည်းသေးသည်ဟု မြောက်ဦးဟိုတယ်မှ တာဝန်ရှိသူတစ်ဦးက နိရဥ္စရာကိုပြောသည်။

“ဧည့်သည်တွေအရမ်းနည်းပါတယ်။ လာမဲ့ရာသီအတွက် အများကြီးလာရောက်ဖို့အတွက် မျှော်လင့်ရတာပါပဲ။ ပြည်ပခရီးသွားတွေနည်းတော့ ဟိုတယ်လုပ်ငန်းတွေသိပ်အဆင်မပြပါဘူး။ ပြေအောင်တော့ ရုန်းကန်နေကြရတာပဲ”ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့မှုနှင့် ကိုဗစ်ကာလမှစ၍ ယခုအချိန်ထိ ပြည်တွင်းပြည်ပ ဧည့်သည်များ လာရောက်လည်ပတ်မှု ကျဆင်းသွားကြောင်း ဟိုတယ်လုပ်ငန်းများမှ သိရသည်။

စစ်ကောင်စီ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ပြည်တွင်း ပြည်ပခရီးသွားများအတွက် ဦးစားပေး သွားရောက်လည်ပတ်နိုင်သည့် ဒေသ ၁၄ ခုကို ထုတ်ပြန်ခဲ့ရာတွင် ရခိုင်မှ ကျောက်ဖြူ၊ ငပလီ၊ မာန်အောင်မြို့တို့သာ ပါဝင်ပြီး ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက် လည်ပတ်မှုများသည့်  ရှေးဟောင်းမြို့တော် မြောက်ဦးဒေသကိုမူ ချန်လှပ်ထားခဲ့သည်။ (NN-11)

ဓာတ်ပုံ - ငပလီကမ်းခြေတစ်နေရာအား တွေ့ရစဉ်။

 

Photo - Ngapali Paradise Hotel

ဆက်စပ် သတင်းများ