တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်ရှိ နွမ်းပါးသည့် အိမ်ထောင်ရှင်အမျိုးသမီးများကို ရခိုင်အမျိုးသမီးများအဖွဲ့ချုပ်က သန္ဓေတားဆေးများ အခမဲ့ထိုးပေးနေ


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၁၄ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.7k

ရခိုင်ရှိ မြို့နယ်လေးခုတွင် နွမ်းပါးကျပ်တည်းသည့် အိမ်ထောင်ရှင်အမျိုးသမီးများကို ရခိုင်အမျိုးသမီးများအဖွဲ့ချုပ်(Rakhaing Women's League for Humanity - RWLH)က သန္ဓေတားဆေးများ အခမဲ့ထိုးနေသည်ဟု သိရသည်။

စစ်တွေ၊ ကျောက်တော်၊ မြေပုံနှင့် ကျောက်ဖြူစသည့် မြို့နယ်လေးခုမှ ဆင်းရဲနွမ်းပါး၍ သန္ဓေ တားဆေးထိုးရန် အခက်အခဲဖြစ်နေသည့် အိမ်ထောင်ရှင်အမျိုးသမီးများ အဆင်ပြေစေရန် သူတို့ကို စာရင်းကောက်ယူကာ အခမဲ့ထိုးပေးနေခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသမီးများအဖွဲ့ချုပ်မှ သဘာပတိ ဒေါ်စောပုစိန်က နိရဥ္စရာကို ပြောသည်။

"လူတိုင်းကိုမထိုးပေးဘူး။ အိမ်ထောင်ကျခါစလူတွေလည်း မထိုးပေးသေးဘူး။ တားဆေးထိုးလိုက်ရင် တစ်သက်လုံး သားသမီးမရနိုင်တာတွေလည်းရှိတတ်တယ်။ မျိူးဆက်သစ်တွေလိုတယ်ကိုယ်တွေမှာ။ ကလေးတစ်ယောက်၊ နှစ်ယောက်ယူပြီးတဲ့သူတွေကို ထိုးတယ်။ နားလည်အောင်လည်း ပြောပြထားတယ်" ဟုပြောသည်။

ယင်းအဖွဲ့ရှိ ကျန်းမာရေးအဖွဲ့က Depo(ဒီပို)(ခေါ်) DEPO-PROVERA အမည်ရှိ ၃ လခံ သန္ဓေတားဆေးကို ထိုးပေးနေခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါလေးမြို့နယ်ရှိ တစ်မြို့နယ်စီမှ ဝေးလံခေါင်ဖျားပြီး ကျပ်တည်းသည့်ကျေးရွာ ၁၃ ရွာတွင် ယခုတစ်နှစ်ပတ်လုံး လိုက်လံထိုးပေးရန်အစီအစဉ်ရှိသလို လိုအပ်ပါက စစ်ဘေးရှောင် စခန်းများတွင်လည်း လိုက်လံထိုးပေးနေကြောင်း ဒေါ်စောပုစိန်က ဆက်ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း စစ်တွေမြို့၊ မင်းဂံရပ်ကွက် အကွက် ၁၁ ရှိ နွမ်းပါးသည့် အိမ်ထောင်ရှင်အမျိုးသမီးများကို အဆိုပါအဖွဲ့က သန္ဓေတားဆေး လာထိုးပေးခဲ့ပြီး သက်ကြီးရွယ်အိုများနှင့် ဆေးလာထိုးသည့်အိမ်ထောင်ရှင်မတစ်ဦးစီတို့ကို တာပေါ်လင်စတစ်ချပ်စီလည်း ပေးဝေခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယခုကဲ့သို့ ရပ်ကွက်အတွင်း သန္ဓေတားဆေးလာထိုးသည်ကို ရခိုင်အမျိုးသမီးအဖွဲ့ချုပ်က သတင်းပေးပို့လာခြင်းမရှိခဲ့ဟု မင်းဂံရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ပြောသည်။

"ဒီလိုတော့ သတင်းပေးလာတာမရှိဘူး။ အရင်ကတော့မသိဘူး။ အခုဦးလေးလက်ထက်မှာတော့ ဒီလိုမျိုးအသိပေးပြီး လာလုပ်တာမရှိသေးဘူး။ ဘယ်လိုအထောက်အထားနဲ့ လာလုပ်တာလဲ ဆိုတာလည်း မသိဘူး။ ကျန်းမာရေးကခွင့်ပြုချက်ရပြီး လာထိုးတာလား၊ ဘယ်လိုလဲမသိရဘူး။ ဦးလေးတို့ကိုတော့ အသိပေးစေချင်တယ်။ မလိုလားအပ်တာတစ်ခုခုဖြစ်သွားရင် ဦးလေးခေါင်းကိုပဲလာမှာ" ဟုပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇော်ဇော်အောင်ကို နိရဥ္စရာက မေးမြန်းကြည့်ရာတွင်လည်း သူ့အနေဖြင့် ယခုကိစ္စကိုမသိရှိသေးကြောင်း ပြောသည်။

"ကျနော်တို့မသိသေးဘူးဗျ။ ရခိုင်အမျိုးသမီးများအဖွဲ့ချုပ်ဆိုပြီးတော့ ကျနော်တို့ဆီမှာ ကျန်းမာရေးကိစ္စလုပ်ဖို့၊ ကျန်းမာရေးအသိပညာပေးလုပ်ဖို့အပါအဝင် တင်လာတာမရှိသေးဘူး။ ဒီဘက်ကထုံးစံအရတော့ INGO ပဲဖြစ်ဖြစ်၊ CSO ပဲဖြစ်ဖြစ်၊ INGO တွေကတော့ ပိုပြီးတော့ ဝန်ကြီးဌာနတွေနဲ့စာချုပ်ချုပ်ရတာတွေ ရှိတယ်လေ။ MOU တွေဘာတွေထိုးပြီးလုပ်ရတယ်။ အဲဒီထဲမှာလည်း ဆောင်ရွက်မယ့်ကိစ္စတွေ အသေးစိတ်ပါရတယ်။ အခုလိုမျိုး ကိုယ်ဝန် တားဆေးအပါအဝင် စသဖြင့် ဒါမှမဟုတ် ကျန်းမာရေးပညာပေးတာတွေကအစ ဒီဘက်က သင်တန်းပေးထားတာတွေ၊ MOU ထဲမှာပါတာတွေ လုပ်ရတာပေါ့။ ဝန်ကြီးဌာနမှာ ချုပ်ဆိုရတယ်ပေါ့နော်။ အသင်းအဖွဲ့တွေကလည်း အဲဒီအတိုင်းပဲသွားရတယ်" ဟုပြောသည်။

ထို့အပြင် ယခုကဲ့သို့ လူမှုအဖွဲ့အစည်းများက မြေပြင်တွင် ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ ပြည်နယ်ကျန်းမာရေးဦးစီးဌာနထံသို့ စာတင်ရုံသာမက ပြည်နယ် အစိုးရထံသို့လည်း တင်ပြရန်လိုပြီး မြို့နယ်ကျန်းမာရေးဌာနမှထောက်ခံချက်ရရန်လည်း လိုအပ်သည်ဟု ဒေါက်တာဇော်ဇော်အောင်က အကြံပြုပြောဆိုသည်။

ရခိုင်အမျိုးသမီးများအဖွဲ့ချုပ်သည် စစ်တွေမြို့၊ မင်းဂံရပ်ကွက်တွင် အခြေစိုက်ပြီး ရွေ့လျားဆေးခန်းတစ်ခုကိုလည်း ဖွင့်လှစ်ကာ အခမဲ့ကုသပေးနေသည်ဟု သိရသည်။

ယခုထိုးပေးနေသည့် Depo(ဒီပို)(ခေါ်) DEPO-PROVERA အမည်ရှိ သန္ဓေတားဆေးမှာ ၃ လခံ သန္ဓေတားဆေးတစ်မျိုးဖြစ်ပြီး ကိုယ်ဝန်တားနိုင်သည့် အစွမ်းအာနိသင်များသော တားဆေးတစ်မျိုးဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါဆေးထိုးသူသည် ကလေးစယူတော့မည်ဟုဆုံးဖြတ်ပြီး ဆေးထိုးရပ်လိုက်ပြီးလျှင် ဓမ္မတာမမှန်တော့ခြင်း၊ ဓမ္မတာသွေး လုံးဝ ပျောက်သွားခြင်း၊ ၃ ကြိမ် ဆက်တိုက် ထိုးမိလျှင် ၆ လမှ တစ်နှစ်ခန့် ဓမ္မတာပျောက်စေနိုင်ခြင်း၊ ဝလာခြင်း၊ အရိုးပွလာခြင်း၊ ကလေးပြန်ယူလိုပါက အချိန်အကြာကြီး စောင့်ရခြင်း၊ Depo (ဒီပို)ကို အချိန်ကြာကြာသုံးလေ ရာသီမှန်မှန်ပြန်လာဖို့ ခက်ခဲလေဖြစ်၍ ကလေးလည်း တော်တော်နှင့် ပြန်မရနိုင်ခြင်းစသည့်ဆိုးကျိုးများကိုလည်း ဖြစ်ပေါ်စေနိုင်သည်ဟု သိရသည်။ (NN-8)

ဓာတ်ပုံ - ရခိုင်အမျိုးသမီးများအဖွဲ့ချုပ်(RWLH)၏ ၂ဝ၂၂ ခုနှစ်အတွင်းက ကွင်းဆင်းဆောင်ရွက်မှုတစ်ခု။ (Photo - RWLH)

 

ဆက်စပ် သတင်းများ