တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်ရှိ မြို့နယ်အချို့တွင် စပါးခင်းအချို့ ပိုးကျ၍ ပျက်စီးမှုများနေ


  • ရေးသူ: Web Master (NN 13)
  • | ရက်စွဲ: ၁၇ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.3k

ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် စပါးခင်းများ၌ စပါးဖျက်ပိုးကျ၍ စပါးပင်များပျက်စီးနေသောကြောင့် အခက်အခဲဖြစ်နေကြသည်ဟု လယ်သမားများက ပြောသည်။

စပါးခင်းများ ပိုးကျသည့်မြို့နယ်များမှာ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့ဖြစ်ပြီး စက်တင်ဘာလ လလယ်ပိုင်းမှစတင်ဖြစ်ပွားနေခြင်းဖြစ်သည်ဟု ကျောက်တော်မြို့နယ်၊ သဝင်ကိုင်းကျေးရွာမှ ဦးဘဖေက နိရဥ္စရာကို ပြောသည်။

"ပိုးကျတာက ကြောက်ဖို့ကောင်းတယ်။ တစ်ရက်ထက်တစ်ရက် ပိုဆိုးလာတယ်။ အစမှာ ရွက်ဖြန်းပိုးကျတယ်။ ပြီးရင် အဆစ်ပိုးကျတယ်။ လောက်ကောင်တွေလေ။ အဆစ်နားက ဖောက်စားထားတာ အပင်ကို နုတ်ယူလိုက်ရင် အမြစ်ကလေ ပြုတ်ထွက်ပြီး ပါလာတယ်" ဟုပြောသည်။

ပိုးကျသည့်စပါးပင်များသည် ရခိုင်တွင် ပြီးခဲ့သည့် ဩဂုတ်လတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေနှင့် ချောင်းရေများ လျှံတက်ခဲ့သည့်အတွက် ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ပြန်လည်စိုက်ပျိုးထားသည့် စပါးပင်များဖြစ်သည်ဟု လယ်သမားများက ပြောသည်။

မြောက်ဦးမြို့နယ်၊ စေတီတောင်ကျေးရွာမှ ဦးဆန်းသိန်းလှိုင်က "ရေမြုပ်သွားလို့ ပြန်စိုက်ထားတဲ့စပါးတွေပါ။ စပါးနုလို့ထင်တယ်။ စပါးဆစ်တွေကို ပိုးတွေက ဖောက်စားထားတာပါ။ ၉ ဧက စိုက်ထားတဲ့ထဲက ၄ ဧကလောက် ပိုးကျပြီးပျက်နေတာပေါ့နော်။ ပိုးကျနေတာကိုတော့ ဆေးဖြန်းထားပါတယ်"ဟု နိရဥ္စရာကို ပြောသည်။

ယခုကဲ့သို့ ပိုးကောင်ကျခြင်းသည် ရာသီဥတု အပူ၊ အအေး မမျှတသည့်အတွက်ကြောင့်ဖြစ်နိုင်သည်ဟုလည်း သူကဆက်ပြောသည်။

လယ်သမားများအနေဖြင့် စပါးပင်များကို ပိုးသတ်ဆေးဖြန်းနေကြသော်လည်း ပိုးကောင်အမျိုးအစားက များနေသည့်အတွက် မည်သည့်ဆေးကို တည့်တည့်မတ်မတ် သုံးရမည်ကို မသိရှိ၍ ကုန်ကျစရိတ်များနေကြသည်ဟုလည်း မြောက်ဦးမြို့နယ်၊ စေတီတောင်ကျေးရွာမှ ဦးမောင်ကံကြီးက ပြောသည်။

"ပိုးကတစ်မျိုး နှစ်မျိုးဖြစ်နေတာ။ ဆေးကောင်းဝါးကောင်းနဲ့ တည့်တည့်ကျစေချင်တယ်။ ဆေးနဲ့တည့်တည့်မကျလို့ နှစ်ခါ၊ သုံးခါ ဖြန်းရတော့ ကုန်ကျစရိတ်လည်းများတယ်" ဟုပြောသည်။

အဆိုပါကျေးရွာတွင် လယ်ယာအလုပ်ကို အဓိကလုပ်ကိုင်ကြလေ့ရှိပြီး တောင်သူလယ်သမား ၄၀ ကျော်ခန့်သည့် စပါးပင်များအား ပိုးကျနေသည့်အတွက်ကြောင့် အခက်အခက်ဖြစ်နေကြသည်ဟု ဆိုသည်။

စပါးအထွက်က လျော့ကျသွားနိုင်တာပေါ့။ ပုံမှန်ဆို ၁ ဧကမှာ စပါးတင်း ၈၀ လောက်တာ။ အခုဆို တင်း ၅၀ လောက်ပဲ မှန်းထားတယ်။ အမြတ်ကို မမှန်းတော့ဘူး။ အရင်းလောက်‌တောင် ရနိုင်ဖို့ အခြေအနေမရှိဘူး။ ကုန်ကျစရိတ်လည်း ကြီးတယ်”ဟု ပြောသည်။

၎င်းကျေးရွာနှင့် အနီးတဝိုက်ရှိ ကျောက်ကျပ်၊ ဂါရာတောင်နှင့် တောင်ဦးကျေးရွာတို့တွင်ရှိသည့် စပါးခင်းတို့တွင်လည်း ပိုးကျနေသည်ဟု သိရသည်။

မင်းပြားမြို့နယ်တွင်ဆိုလျှင်လည်း စပါးခင်းအချို့ပိုးကျသည့်အတွက် လက်ရှိတွင် ပိုးသတ်ဆေးဖြန်းလိုက်၍ သက်သာသွားပြီဟု လယ်သမားများက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးကျော်ဇံကို ဆက်သွယ်ရာတွင် သူ့အား ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ တင်ပြလာခြင်းမရှိသေးဟု ပြောသည်။

ရခိုင်ရှိ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ မြေပုံ၊ သံတွဲ၊ တောင်ကုတ်၊ ဘူးသီးတောင်၊ မောင်တော စသည့်မြို့နယ်များတွင် ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်မှစတင်ကာ ၈ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေနှင့် ချောင်းရေများ လျှံတက်ခဲ့သည့်အတွက် ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် စိုက်ပျိုးပြီးစ လယ်ဧက ၇ သောင်းကျော်ပျက်စီးဆုံးရှုံးခဲ့သည်ဟုလည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က သြဂုတ်လ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

အလားတူ မေလ ၁၄ ရက်ကတိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့်လည်း ရခိုင်ရှိ မြို့နယ် ၁ဝ ခုမှ လယ်သမားများတွင် လယ်ဧကအမြောက်အများ ဆားငန်ရေဝင်ရောက်ပျက်စီးသွားခဲ့သလို သိုလှောင်ထားသည့် မျိုးစပါးများလည်း ပျက်စီးသွားခဲ့ရသည်။

ယင်းကြောင့် ယခုနှစ်တွင် ရခိုင်မှလယ်သမားများ၌ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ပိုမိုရှိခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ