တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်ရန် မင်းပြားတွင် ဟင်းရွက်သီးနှံမျိုးစေ့ လှူဒါန်းပေးနေ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၂၈ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.4k

တိုက်ပွဲကာလ စစ်ကောင်စီက လမ်းများပိတ်ထား၍ ရခိုင်ပြည်သူများ စားရေးရိက္ခာ ရှားပါးပြတ်လပ်နေစဥ် တစ်ပိုင်တစ်နိုင်သီးနှံစိုက်ပျိုးနိုင်ရန် ရည်ရွယ်ပြီး သီးနှံမျိုးစေ့များကို မင်းပြားမြို့တွင် လှူဒါန်းပေးနေကြောင်း သတင်းရရှိသည်။

အဆိုပါသီးနှံမျိုးစေ့များကို မင်းပြားမြို့ရှိ Sandar Agro Shop က သီးနှံကိုယ်တိုင်စိုက်ပျိုးလိုသည့် မည်သူ့ကိုမဆို အခမဲ့လှူဒါန်းပေးနေခြင်းဖြစ်ပြီး ပြည်သူတစ်ဦးလျှင် သီးနှံမျိုးစေ့ထုတ် ၁၇ ထုတ်ခန့်လှူဒါန်းပေးနေကြောင်း သိရသည်။

"လမ်းတွေပိတ်နေတဲ့အချိန်မှာ ပြည်မဘက်ကသီးနှံတွေမရောက်ဘူး။ ပြည်တွင်းဟင်းရွက် လည်းရှားပါးပြီး ဈေးအဆမတန်ကြီးနေတယ်။ ဒါကြောင့် ကိုယ်တိုင်စိုက်ပျိုးလိုတဲ့ဘယ်သူ့ကိုမဆို ကျွန်မတို့ မျိုးစေ့ထုတ်တွေ အခမဲ့ပေးနေပါတယ်။ လာယူလို့ရပါတယ်" ဟု Sandar Agro Shop မှ တာဝန်ရှိသူတစ်ဦးကပြောသည်။



လက်ရှိလှူဒါန်းပေးနေသည့်မျိုးစေ့များမှာ ဗူးစေ့၊ ခရမ်းချဥ်စေ့၊ ကျောက်ဖရုံစေ့၊ ခရမ်းစေ့၊ ဂေါ်ဖီဖူးစေ့၊ ဂေါ်ပီပွင့်စေ့များ ဖြစ်ပြီး စုစုပေါင်း ကျပ်သိန်း ၂၀ ကျော်ဖိုးအထိ လှူဒါန်းပေးသွားမည်ဟု သူက ပြောသည်။

"ဒီလိုခက်ခဲကျပ်တည်းနေတဲ့ကာလမှာ တတ်နိုင်တဲ့ဘက်က ကူညီပေးတဲ့သဘောပါ။ လမ်းပန်း ဆက်သွယ်ရေးတွေပိတ်နေတဲ့အချိန်မှာ ပြည်မ
က လာမယ့် ဟင်းသီးဟင်းရွက်ကို မျှော်ကိုးမနေဘဲ ကိုယ့်ပြည်တွင်းမှာ ရသလောက်စိုက်ပျိုးရောင်းချစားသောက်နိုင်အောင်ပါ" ဟု ပြောသည်။

ရခိုင်ပြည်သူများ အဘက်ဘက်က ကျပ်တည်းနေစဥ် ယခုကဲ့သို့ စေတနာထား၍ ကူညီပေးသည်မှာ အလွန်ပင်အထောက်အကူဖြစ်ကြောင်း မင်းပြားမြို့မှ လူငယ်တစ်ဦးက ပြောသည်။

ရခိုင်တိုက်ပွဲကာလအတွင်း ပြည်သူများအတွက်မရှိမဖြစ်လိုအပ်သော စားသောက်ကုန်နှင့် ကုန်ပစ္စည်းများကို ဈေးအဆမတန်မြှင့်ရောင်းချမှုများမပြုလုပ်ရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/ AA)က သတိပေးခဲ့သော်လည်း ရခိုင်မြို့နယ်များတွင် ကုန်ပစ္စည်းများကို ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချနေသူများ ရှိနေကြောင်း ဒေသခံပြည်သူများက ပြောသည်။



စစ်တွေဒေသခံတစ်ဦးက "ULA/ AA က ဈေးနှုန်းတင်မရောင်းဖို့သတိပေးတယ်။ သတိပေးတော့ တချို့ဆိုင်ပိုင်ရှင်တွေက ဈေးတင်မရောင်းရလို့ဆိုပြီး ပစ္စည်းတွေ သိုလှောင်ထားပြီး ထုတ်မရောင်းဘူး။ ကိုယ့်ပစ္စည်းကိုယ်ရောင်းချင်မှရောင်းမယ်ဆိုတဲ့အချိုးမျိုးပေါ့။ အဲဒီလိုမျိုးတွေလည်း အများကြီး ရှိနေပါတယ်" ဟု ပြောသည်။

နိုဝင်ဘာလ ၁၃ ရက်တိုက်ပွဲစတင်ပြီးနောက် ရခိုင်ပြည်မှလမ်းပန်းဆက်သွယ်ရေးအားလုံးကို စစ်ကောင်စီတပ်က ပိတ်ဆို့ထား၍ ကုန်စည်စီးဆင်းမှုရပ်တန့်ကာ ရခိုင်ပြည်သူများမှာ စားရေးရိက္ခာပြတ်လပ်ပြီး အတိဒုက္ခရောက်နေကြကြောင်း နိရဥ္စရာသတင်းဌာနသို့ပြောသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင်ဆိုလျှင် စစ်ကောင်စီက လမ်းပိတ်ဆို့မှုကြောင့် ဆန်ရိက္ခာ ပြတ်လပ်ပြီး အခြေခံလူတန်းစားပြည်သူများမှာ ထမင်းနပ်မှန်အောင်မစားနိုင်တော့ဘဲ ဆန်ပြုတ်ပြုတ်သောက်နေကြရကြောင်း  သိရှိရသည်။ (NN-23)

Sandar Agro Shop မှ မျိုးစေ့သွားရောက်ရယူနိုင်ရန် ဆက်သွယ်နိုင်သည့်ဖုန်း
09 966 250591

ဆက်စပ် သတင်းများ