တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်တွင် မြန်မာစစ်တပ်က ဒေသခံပြည်သူများ၏နေအိမ်များကို ရိုက်ချိုးဖျက်ဆီးဝင်ရောက်ပြီး ပစ္စည်းများကိုအတင်းယူဆောင်မှုများပြုလုပ်​နေ


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၁၈ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.3k

ရခိုင်ပြည်နယ်မှ ဒေသအချို့တွက် အကြမ်းဖက် စစ်ကောင်စီစစ်တပ်သည် ပြည်သူများ၏နေအိမ်များကို အတင်းဝင်ရောက်ဖျက်ဆီးပြီး ငွေသားနှင့် ကုန်ပစ္စည်းများကို ယူဆောင်မှုများ ရှိနေကြောင်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာ (၁၇) ရက်နေ့  ည ၁၁ နာရီခန့်တွင် ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်ရှိ ဆီဆိုင် ဖွင့်ထားသည့် ဦးကျော်တင်အိမ်မှ စက်သုံးဆီများ အပါအဝင် အိမ်သုံးပစ္စည်းတချို့ကို ပုဏ္ဏားကျွန်း အခြေစိုက် ၅၅ဝ တပ်ရင်းမှ တပ်သားများ အကြမ်းဖက်ယူဆောင်သွားသည်ဟု အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ပြောသည်။

"ညက ကားတစ်စီးနဲ့ ရောက်လာကြပြီး အိမ်တံခါးတွေကိုဖျက်ပြီးတော့မှ ဆီတွေရော၊ အိမ်အသုံးအဆောင် ပစ္စည်းတွေကိုရော ချယူသွားကြတယ်။ တပ်သား ၁၀ ကျော် ၂၀ နီးပါးရှိမယ် ထင်တယ်။ အိမ်ထဲ ဝင်ရောက်ပြီး ယူသွားကြတယ်။ အိမ်သားတွေကတော့ ရှောင်တိမ်းနေတာကြာပြီ။ အိမ်မှာ ဘယ်သူမှ မရှိတဲ့ အချိန် တံခါးကို ရိုက်ချိုးပြီး ဝင်ယူတာ" ဟု ပြောသည်။

ယူဆောင်သွားသည့် ပစ္စည်းများမှာ   TV ၁ လုံး၊ ဆိုလာ ၁ ခု ၊ ဆီစည် ၁၀ လုံး၊ အင်ဂျင်ဝိုင် ဂါလံ ၃၀၊ ဆီပန့် ၂ ခု၊ ရေသန့်ဗူးကြီး ၄ လုံးတို့ကို ဖြစ်ကြသည်ဟု ဆိုသည်။

ယင်းအပြင် စံပြရပ်ကွက်မှ ဦးသာထွန်းအိမ်ကိုလည်း မှန်ပြတင်းပေါက်များအား သေနတ်ဘောင်ဖြင့် ထုခွဲသွားကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၅ ရက် နံနက် ၆ နာရီခန့်ကလည်း ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်တိုက်နယ်၊ ကပ်သပြေအုပ်စု၊ ရှောက်ချောင်းရွာမှ ဒေသခံနေအိမ်များသို့ သစ်ပုတ်တောင်ရေတပ်စခန်းက စစ်သားများ ဝင်ရောက်လာကာ ငွေသားများကို ယူဆောင်သွားကြောင်း ကာယကံရှင်များက ပြောသည်။

ရှောက်ချောင်းရွာသည် အိမ်ခြေ ၆၀ ခန့်ရှိပြီး သစ်ပုတ်ရေတပ် အနီးတွင် တည်ရှိသည်။ ၎င်းရွာထဲ ဧည့်စာရင်း စစ်ဆေးရန်ပုံစံ ဝင်ရောက်ပြီး နေအိမ်ပေါ်ကို တက်ရောက်ရှာဖွေကာ ပြည်သူများ ပိုင်ဆိုင်သည့် ငွေများကို ယူဆောင်သွားသည်ဟု ဆိုသည်။

ယူဆောင်ခံရသည့် ငွေပမာဏမှာ  မဖြူသန်းအိမ်မှ ၂ သိန်း၊ ဗန်ထီးအိမ်မှ ၁ သိန်း၊ ဦးမောင်မောင်ကြည်အိမ်မှ ၁ သိန်း ၄ သောင်း၊ ဒေါ်ဘက်ထီးအိမ်မှ ငွေ ၁၄၀၀ နှင့်ကော်ဖီ ပေါင်ထုပ်တစ်ထုပ်တို့ ဖြစ်ကြောင်း သိရသည်။ 

"တမင်တကာ အနိုင်ကျင့်တာပါ။ အရင်လည်း ရေတပ်ကလာပြီး မကြာခဏ ရွာကိုဝင်ပြီး အနိုင်ကျင့်တာတွေရှိတယ်။ ဒီလူတွေက ခက်ခဲပင်ပန်းကြပါတယ်။ ဒီလောက်ခေတ်ကာလ မကောင်းတဲ့အချိန်မှာ ငွေတစ်သိန်းရဖို့ဆိုတာ တော်တော်ရုန်းကန်ရတာပါ။ စားဝတ်နေရေးတောင် ဒီလောက်စျေးတွေတက်ပြီး ကျပ်တည်းနေတာကို အခုလိုတွေယူသွားတာ အရမ်းစိတ်ထိခိုက်ရပါတယ်" ဟု အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

အလားတူ ဒီဇင်ဘာ ၁၆ ရက် နံနက် (၈:၀၀) အချိန်ခန့်ကလည်း ကျောက်ဖြူမြို့၊ ပြင်ဖြူမော် ရပ်ကွက်ရှိ ပင်လယ် ကမ်စပ်အနီး၌ ငါးဖမ်းပိုက်ချနေကြသည့် ရေလုပ်သား (၆) ဦးအား ၎င်းရပ်ကွက်အတွင်းလုံခြုံရေးယူထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ငါးဖမ်းပိုက်များကို သိမ်းဆည်းခဲ့ကြောင်း၊သိမ်းဆည်းထားသော ငါးဖမ်း ပိုက်ကွန် (၁) ခုအား အမဲသား (၁) ပိဿာဖြင့် လာရောက် ရွေးယူစေပြီး ပြည်သူ့ချွေးနှဲစာအား လက်နက်ဖြင့် ခြိမ်းခြောက် အနိုင်ကျင့်မှုများ ပြုလုပ်ခဲ့သည်ဟု ဒီဇင်ဘာလ(၁၇) ရက်နေ့၊ ည ၁၁ နာရီ ၅၀ မိနစ် အချိန် တွင် ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ (၁၇) ရက်နေ့၊ နံနက် (၇:၀၀) အချိန်ခန့်က လည်း ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ ဂုံးချိန် ကျေးရွာမှ စျေးရောင်းချနေသူ ဒေသခံ (၆) ဦး၊ ကျောက်တလုံးကယ်ဆယ်ရေးစခန်းမှဈေးရောင်းချနေ သူ (၁၃) ဦးတို့အား မြို့ထဲသို့ ဟင်းသီးဟင်းရွက် ရောင်းချရန် လမ်းခုလတ်ဖြစ်သောကျောက်ဖြူ လေယာဉ်ကွင်းအဆုံး၌ လုံခြုံရေးယူထားသည့် စစ် ကောင်စီ တပ်ဖွဲ့ဝင် အင်အား (၂ဝ) ခန့်သည် ၎င်းဒေသခံ ဈေးသည် (၁၉) ဦးအား ခလရ (၃၄) တပ်ရင်းသို့ ဖမ်းဆီးခေါ် ဆောင်သွားခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျောက်ဖြူပင်လယ် ပြင်နှင့် ၎င်းအခြေစိုက်ရာ သစ်ပုတ်တောင် ရေတပ် စခန်းမှ မြစ်ကြောင်းတစ်လျှောက် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိကာ အရပ်သားပြည်သူများ နေထိုင် ရာ ကျေးရွာ၊ ရပ်ကွက်များအနီးတွင်လည်း လက်နက် အင်အား၊ လူအင်အားဖြည့်တင်းကာ လုံခြုံရေးယူသည့် အကြောင်းပြချက်မျိုးဖြင့် လမ်းသွားလမ်းလာများအားအနှောင့်အယှက်ပေးကာ ဖမ်းဆီးခြင်းများကိုပါ ဆက်တိုက်ပြုလုပ် လာနေသည်ဟု ဖော်ပြသည်။(NN-7)

(ဓာတ်ပုံ-ပုံဟောင်း)

ဆက်စပ် သတင်းများ