တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်တွင် AA ထိုးစစ်ကိုမခံနိုင်၍ ရာနှင့်ချီရှိအင်အားရှိသော စစ်ကောင်စီတပ်စခန်းများ စခန်းစွန့်ခွာနေ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၄ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 4.8k

ရက္ခိုင့်တပ်တော်(AA)၏ ထိုးစစ်ကို မခံနိုင်၍ ရာနှင့်ချီ အင်အားရှိသော စစ်ကောင်စီတပ်စခန်းများသည် တစ်ခုပြီးတစ်ခု နောက်တန်း အထိုင်တပ်ရင်းများသို့ ဆုတ်ခွာနေကြသည်ဟု  သတင်းရရှိသည်။

ယနေ့ ဇန်နဝါရီ ၁၄ ရက်နေ့တွင် ရသေ့တောင်မြို့နယ်အတွင်းမှ စေတီပြင်နယ်ခြားစောင့်စခန်း၊ ၎င်းကျေးရာအနီးရှိ စေတီပြင်- ကျောက်ပန်းတူ တောင်ကျော်လမ်း စေတီကုန်းမှ စစ်စခန်း၊ ရသေ့တောင်မြို့နယ် မြောက်ဘက် ရေစိုးချောင်းဗျူဟာ အပြင် ရာမောင်တံတားအနီးရှိ စစ်တပ်စခန်းများလည်း ရုတ်သိမ်းစွန့်ခွာ သွားကြပြီဟု ဒေသခံများက ပြောကြားသည်။

ထိုအထဲမှ ရေစိုးချောင်းဗျူဟာသည် ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ် အကြား မေယုမြစ် အရှေ့ဘက်ကမ်းခြေတွင် တည်ရှိပြီး စစ်ရေးအရ အရေးပါသော ဗျူဟာ တစ်ခုဖြစ်သော်လည်း ယနေ့နံနက်က စခန်းစွန့်ခွာကာ ထီးစွဲရှိ စစ်စခန်းနှင့် ပူးပေါင်းရန်ကြိုးစားနေပြီး  ရသေ့တောင်မြို့ပေါ်ရှိ တပ်ရင်းများက လမ်းကြောင်းရှင်းပေးသည့် အနေဖြင့် လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည်ဟု ဒေသခံများက ပြောကြားသည်။


၎င်းပြင် ဘူးသီးတောင်မြိုနယ်၊ လက်ဝဲဒက်ကျေးရွာ၏အနောက်တောင်ဖက် (၁ ဒသမ ၂) ကီလိုမီတာခန့် အကွာအဝေးတွင်ရှိသည့် (၃၇၈) အမြောက် တပ်ရင်းထဲမှ တင့်ကား ၅စီးကို ယမန်နေ့က စကခ (၁၅) စစ်ဗျူဟာကွပ်ကဲမှုဌာနချုပ်သို့ ပြောင်းရွှေ့ ယူဆောင်သွားသည်ဟု သတင်းရရှိသည်။ 

ထိုသို့ပြောင်းရွှေ့သွားသည်မှာ စစ်ရေးတင်းမာနေ၍ စကခ (၁၅) အား အင်အားဖြည့်တင်းခြင်းလား (သို့မဟုတ်)  ရက္ခိုင့်တပ်တော်က အဆိုပါ (၃၇၈) တပ်ရင်းကို ဝင်တိုက်ပြီး သိမ်းယူသွားမည်ကို စိုးရိမ်၍ ပြောင်းရွှေ့သွားခြင်းလားဆိုသည်ကို မသိရှိဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းပြင် ဇန်ဝါရီ ၁၂ ရက်နေ့​က မြောက်ဦးမြို့နယ် မြောက်ဘက်လင်းမြွေတောင်စခန်းမှလည်း အင်အား ၁၀၀ ခန့်သည် စခန်းစွန့်ခွာပြီး ကျောက်တော် စကခ (၉) သို့ သွားရောက်ပူးပေါင်းစဉ် ရက္ခိုင့်တပ်တော်က ကြားဖြတ်တိုက်ခိုက်၍ အကျအဆုံးများစွာဖြင့် တပ်ပျက်သွားခဲ့သည်ဟု သိရသည်။ 

နောက်ထပ် အင်အား ရာနှင့်ချီရှိသော မြောက်ဦးမြို့မြောက်ဘက် သင်းကျစ်တော်တောင် စေတီကုန်းစခန်း၊ မင်းပြားမြို့နယ်မှ တောင်ဖြူတောင် တပ်စခန်း၊ ပန်းမြောင်း အောင်မင်္ဂလာဘုရားတောင် တပ်စခန်းများသည်လည်း များမကြာမီက စခန်းများကို ဆုတ်ခွာသွားခဲ့ကြသည်။


ဒေသခံ ရခိုင်စစ်ရေးလေ့လာနေသူ တစ်ဦးက “ဒီလောက်အခိုင်အခန့်တည်ဆောက်ထားတဲ့ တရွန်အိုင်ဗျူဟာ၊ တောင်ရှည်တောင် ဗျူဟာတွေတောင် မခံနိုင်ဘူး။ သာမာန် စစ်စခန်းတွေက အေအကောက်စားပစ်ဖို့ မလောက်ဘူး” ဟု ပြောကြားသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်သည် စစ်ကောင်စီ၏ အခိုင်အခန့်ဆုံးနှင့် အင်အားအတောင့်တင်းဆုံး စခန်းများဖြစ်ကြသည့် တရွန်အိုင်ဗျူ၊ နှုံးဗူးဗျူဟာ၊ ခဝဲဗျူဟာ၊ တောင်ရှည်တောင်ဗျူဟာ၊ မီး၀ဗျူဟာ၊ ခန်ခတောင်ဗျူဟာစခန်းကို သိမ်းပိုက်ခဲ့ပြီးသာမာန် စခန်းငယ်အများအပြားမှာလည်း အေအေလက်ထဲသို့ ကျရောက်သွားပြီဟု သိရသည်။

ပလက်၀တွင်လည်း ခလရ (၂၈၉) တပ်ရင်းအပါအဝင် အနီးအနားရှိ စခန်းများကို အေအေက သိမ်းပိုက်လိုက်ပြီဖြစ်ကာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသည်ဟု​ သိရသည်။

လက်ရှိတွင် မင်းပြားမြို့ရှိ ခမရ ၃၈၀ (စခန်းကျပြီ) ၊ ၅၄၁၊ ၃၇၉ နှင့် ကျောက်တော်မြို့နယ် တောင်ဘက် ရန်ကုန်-စစ်တွေကားလမ်းပေါ်ရှိ ကန်စောက်အခြေစိုက် ၅၃၉ တပ်ရင်းနှင့် ၃၇၇ အမြောက်တပ်ရင်း၊ မြောက်ဦးမြို့ပေါ်ရှိ ၅၄၀ အပါအဝင် တပ်ရင်းများကို ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီက လေတပ်လေယာဉ်များနှင့် ရေတပ်စစ်ရေယာဉ်များကိုပါ အကုန်သုံးပြုကာ အပြင်းအထန် ခုခံတိုက်ခိုက်နေသည်ဟု ဒေသခံများက ပြောသည်။

၎င်းပြင် ရမ်းဗြဲမြို့၊ ပေါက်တောမြို့နှင့် အမ်းနှင့် မြေပုံမြို့နယ် အစပ်နေရာများတွင်လည်း တိုက်ပွဲများ နေ့တိုင်းလိုလို ဖြစ်ပွားနေသည်ဟု ညီနောင်သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

 

ဆက်စပ် သတင်းများ