တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ဇန်နဝါရီ (၂၄) တစ်ရက်တည်းအတွင်း ရခိုင်တွင် သေဆုံးသူ ၅ ဦး၊ ဒဏ်ရရာသူ ၁၆ ဦးရှိ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၅ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 3.1k

ဇန်နဝါရီ ၂၄ ရက် တစ်ရက်တည်းအတွင်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် ကျေးရွာအတွင်း ပစ်ခတ်၍ ကလေးငယ်များအပါအဝင် သေဆုံးသူ ၅ ဦး၊ ဒဏ်ရရာသူ ၁၆ ဦးရှိထိ ရှိကြောင်း သတင်းရရှိသည်။

ဇန်နဝါရီ ၂၄ ရက်နေ့ ညနေ ၅ နာရီကျော်က မင်းပြားမြို့နယ် သဲတန်းကျေးရွာထဲကို စစ်ကောင်စီ နေဗီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ၂ ဦးသေပြီး ကလေးငယ်များ အပါအဝင် ရွာသား ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကျေးရွာသားများနှင့် ဆက်သွယ်ရရှိသူ ဒေသခံတစ်ဦး နိရဉ္စရာသတင်းဌာနသို့ သတင်းပေးပို့သည်။

သေဆုံးသူ နှစ်ဦးမှာ ဦးရာကျော်နှင့် ဒေါ်အလှချေဖြစ်ပြီး ဒဏ်ရာရသူများမှာ ဆန်းမေစိုး၊ ဦးအေးကျာ်၊ စိုးစိုးစံ၊ မသာနု၊ လှမြသိန်း၊ သန်းသန်းရီနှင့် နိုင်နိုင်စိုးတို့ ဖြစ်ကြသည်။ ဖုန်းလိုင်းအခက်အခဲကြောင့် တို့၏ ၎င်းအသက်အရွယ် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေများကို မသိရသေးပါ။

ညီနောင်သုံးဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် “ ယနေ့၊ ညနေ (၆) နာရီဝန်းကျင်ခန့်က မင်းပြားမြို့နယ်၊ သဲတန်းကျေးရွာအား ရန်သူ့နေဗီသင်္ဘောမှ ဟောင်ဝစ်ဇာလက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ (၁) ဦး သေဆုံးခဲ့ရပြီး (၃) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရရှိခဲ့ပြီး လက်နက်ကြီးကျည်ထိမှန်၍ ကျေးရွာတွင်းရှိ နေအိမ် (၃) ဆောင်မှာ လုံးဝပြိုကျပျက်စီးခဲ့ရသည်” ဟု ဖော်ပြထားသည်။

အလားတူ  ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ စကခ (၁၅) မှ ဇန်နဝါရီ ၂၄ ရက်  ညနေ (၅) နာရီ (၂၀) မိနစ်အချိန်ခန့်တွင်  အရပ်သားပြည်သူများနေထိုင်ရာကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဘူးသီးတောင်မြို့နယ်၊ မောင်နှမပုလဲတောင်ရွာကြီးမှ အရွယ်မ‌ရောက်သေးသော မွတ်ဆလင်ညီအစ်ကို (၃) ဦး ပွဲချင်းပြီးသေဆုံးခဲ့ရပြီး ကလေးငယ် (၂) ဦး အပါအဝင် (၈) ဦးတို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

၎င်းပြင် ယမန်နေ့ နံနက် ၉ နာရီကျော်က မောင်တောမြို့နယ်၊ ဇော်မတက်အုပ်စု၊ ကိုင်းကြီး (မြို) ကျေးရွာအတွင်းသို့  လက်နက်ကြီးကျည် (၁) လုံးမှာ ကျရောက်ပေါက်ကွဲခဲ့ရာမှ အသက် ၁၅ နှစ်အရွယ် ဒေသခံမိန်းကလေးငယ် ၁ ဦးနှင့် ၁၀ နှစ်အရွယ်ယောကျာ်းလေး ၁ ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

၎င်းပစ်ခတ်မှုကို မောင်တောအခြေစိုက် စစ်ကောင်စီ၏ “မောရဝတီဗျူဟာ” မှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး  ဇန်နဝါရီ ၂၄ ရက်  နံနက် (၉) နာရီ (၄၀) မိနစ်အချိန် ခန့်၌ အရပ်သားပြည်သူများနေထိုင်ရာ မြို့နှင့် ကျေးရွာများသို့ လက်နက်ကြီးများဖြင့် (၆) ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ညီနောင်သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါစခန်းသည် မိမိတို့ပြည်သူလူထုအား လက်နက်ကြီးအားကိုးဖြင့် နှစ်ရှည်လများ အနိုင်ကျင့် ဗိုလ်ကျနေ သည့် ရန်သူ့တပ်စခန်းကြီးပင် ဖြစ်သည်ဟုဆိုသည်။

ရက္ခိုင့်တပ်တော် (AA) သည် ထိုသို့အကြမ်းဖက်ပစ်ခတ်ပြီး  ပြည်သူလူထုကိုသတ်ဖြတ်နေသော စခန်းများ ကိုလည်း မိမိတို့မှ မနှေးအမြန် တိုက်ခိုက်သိမ်းယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်တိုက်ပွဲစတင်သည့် နိုဝင်ဘာလ ၁၃ ရက်မှ ယခုဇန်နဝါရီ ၁၃ ရက်နေ့ အထိ (၂ ) လကာလအတွင်း  စစ်ကောင်စီ၏ လေယာဉ်၊ လက်နက် ကြီးငယ်များဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ရသည့် ရခိုင်အရပ်သား (၈၁) ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ (၂၆၀) ဦး ရှိသည်ဟု  ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA) ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး HDCO က ယနေ့ ဇန်နဝါရီ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

Photo: Research Gate

ဆက်စပ် သတင်းများ