တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်သို့ လေကြောင်းဖြင့် ပြန်မည့်ခရီးသည်များ ရန်ကုန်လေဆိပ်တွင် ထိန်းသိမ်းခံရ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၆ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 7.1k

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အသီးသီးမှ ရခိုင်ပြည်သို့ ပြန်ကြမည့် ခရီးသည်များ ရန်ကုန် လေဆိပ်တွင် ယနေ့နံနက်က ဖမ်းဆီး ထိန်းသိမ်းခံထားရသည်ဟု သတင်းရရှိသည်။

ရန်ကုန်‌အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ယနေ့ဖေဖော်ဝါရီ ၂၆ ရက်နေ့ နံနက် ၉နာရီ ၄၅မိနစ်ထွက်မည့် မြန်မာ့လေကြောင်းလိုင်းဖြင့် လိုက်ပါမည့် ရခိုင်မှခရီးသည်များကို လေဆိပ်မှတာဝန်ရှိသူများက ဖမ်းဆီးထားသည်ဟု ရန်ကုန်တွင်ရှိသည့် ရခိုင်လူငယ်တစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

" ဒီနေ့မနက် ၇ နာရီလောက်က မြန်မာ့အမျိုးသားလေကြောင်းလိုင်းနဲ့သွားတဲ့ ကျနော့် ညီမလေး အပါအဝင် ခရီးသည်တွေ အများကြီးကို  လေဆိပ်မှာဖမ်းထားတယ်။ အစကတော့ အထုပ်အပိုးတွေရော အကုန်စစ်ပြီးပြီ။ လေယာဉ် ထွက်ခွာနီးမှ မသွားရတော့ဘူးတဲ့။ စစ်တွေကို ထွက်မယ့် လေယာဉ်ပါ။ ကျနော့်ညီမဖုန်းဆက်ပြီး‌ ပြောတာပါ။ ဘာကြောင့်မသွားရလဲ မေးတော့ အဲ့ဒီလေဆိပ်ကတာဝန်ခံက ဘာမှ မပြောဘူးတဲ့။ တစ်နေရာထဲ အကုန်စုခိုင်းထားတယ်ပြောတယ် " ဟုပြောသည်။

ယင်းအပြင် ယနေ့ဖမ်းဆီးခံရသူများကို လေဆိပ်မှတာဝန်ရှိသူများက ၎င်းတို့၏ ရန်ကုန်ရှိ နေရပ်ကိုကားဖြင့် ပြန်ပို့ပေးမည်ဟု ပြောဆိုခဲ့ပြီးနောက် အဆက်သွယ်ပြတ်သွားခဲ့သည်ဟု ၎င်းကပြောသည်။

" ရခိုင်ကိုမပြန်ရတော့ ကိုယ်နေတဲ့ ရန်ကုန်က မြို့နယ်တွေဆီ ကိုယ့်အစီစဥ်နဲ့ ပြန်မယ်ပြောတော့လည်း မရဘူးတဲ့။ သူတို့ကားနဲ့ ပြန်ပို့ပေးမယ်။ ပြောနေရင်း ဖုန်းတွေကို အကုန်စက်ပိတ်ခိုင်းတယ်။ အခုထိ အဆက်သွယ်မရတော့ဘူး" ဟု ယနေ့ နေ့လယ်က ပြောသည်။

မြန်မာ့လေကြောင်းလိုင်းကို ဆက်သွယ်မေးမြန်းခဲ့ရာတွင်လည်း  လေကြောင်းလိုင်းများ ပုံမှန် ပြေးဆွဲလျှက်ရှိပြီး မသင်္ကာသည့် လူငယ်များကို စစ်ဆေးမှုများရှိပြီး သူတို့ နေထိုင်ခဲ့သည့် ရန်ကုန်ရှိ နေရပ်ထံသို့ ပြန်ပို့‌ ပေးသည်ဟု ပြောဆိုခဲ့ကြောင်း ၎င်းကပြောသည်။

ဖမ်းဆီးခံထားရသူ အရေအတွက်နှင့် ဖမ်းဆီသည့်ကိစ္စနှင့် ပက်သက်ပြီးရန်ကုန်လေဆိပ်မှ တာဝန်ရှိသူများကို နိရဉ္စရာမှ ဆက်သွယ် မေးမြန်းခဲ့သော်လည်းမေးမြန်း၍မရရှိခဲ့ပေ။

အသက် ၁၈နှစ်နှင့် ၃၅ နှစ်အကြား ရခိုင်လူငယ်များအား ဖေဖော်ဝါရီ ၂၄ ရက်နေ့မှစတင်ကာ ရန်ကုန်မှ ရခိုင်သို့ လေကြောင်းဖြင့် ခရီးသွားလာခွင့်ကို ကန့်သတ်ပိတ်ပင်ထားကြောင်း ခရီးသွားလာသူများက ပြောသည်။ သို့သော် စစ်ကောင်စီက ထိုသို့ ကန့်သတ်ပိတ်ပင်မှု မရှိဟု ဆိုကာ ငြင်းဆိုထားသည်။

စစ်ကောင်စီသည် ရန်ကုန်မှ ရခိုင်သို့ သွားရောက်သည့် ရခိုင်လူမျိုး ခရီးသည်များအား ယခုလ ၁၈ ရက်နေ့က စတင်ကာ လေဆိပ်များတွင် စောင့်ဆိုင်း ဖမ်းဆီးနေကြောင်း သိရသည်။ (NN-11) 

ဆက်စပ် သတင်းများ