တနင်္လာ၊ စက်တင်ဘာလ ၃၀ရက်၊ ၂၀၂၄

AAမှ ထောက်ပံ့ကူညီထားသည့် လက်နက်များအား အခမ်းအနားဖြင့် ချင်းပြည်ကာကွယ်‌ရေးတပ်-မတူပီ (တပ်မဟာ ၁)သို့ လွှဲပြောင်းပေးအပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 215

သဉ္ဇာနွယ်၊နိရဉ္စရာ၊ စက်တင်ဘာ ၃၀/၂၀၂၄

အာရက္ခတပ်တော် (AA)မှ မဟာမိတ်ဆက်ဆံရေးကို တိုးမြှင့်ရန် ရည်ရွယ်ချက်ဖြင့် ထောက်ပံ့ ကူညီထားသည့် လက်နက်နှင့် ခဲယမ်းများကို ချင်းညီနောင် (Chin Brotherhood) အဖွဲ့ဝင်ဖြစ်သော ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့- မတူပီ (တပ်မဟာ-၁)သို့  ယခုလ ၂၇ ရက်နေ့က အခမ်းအနားဖြင့် လွှဲပြောင်း ပေးအပ်လိုက်သည်ဟု သတင်းရရှိသည်။

အခမ်းအနားသို့ အာရက္ခတပ်တော် တပ်မှူးများ ၊ မတူပီ-တပ်မဟာ-၁ မှ တပ်မှူးများ၊ တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

လက်နက် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် နှစ်ဖက်တပ်မှူးများက အဖွဲ့အစည်း နှစ်ခုကြားတွင် အားကောင်းနေသည့် မဟာမိတ် ဆက်ဆံရေးများကို ယခုထက် ပိုမိုအားကောင်းအောင် တည်ဆောက်ရန် ဂတိပြုခဲ့ကြသည်ဟု သိရသည်။


၎င်းပြင် စစ်ရေးပူးပေါင်းမှု ယခုထက် ပိုမို အားကောင်းစေရေးကိုလည်း အလေးပေး ပြောကြားခဲ့ကြသည်ဟု ဆိုသည်။

ရခိုင်လူမျိုးများနှင့် ချင်းလူမျိုးများသည် ရှေးပဝေသဏီကတည်းက  အိမ်နီးနားချင်းများအဖြစ် အတူ နေထိုင်လာကြသောလူမျိုးများဖြစ်သဖြင့် လူမျိုးအချင်းချင်းအကြား ချစ်ခင်ရင်နှီးမှုများ ပိုမို တိုးပွား လာစေရေးကိုလည်း နှစ်ဖက်တပ်မှူးများမှ အခမ်အနား၌ အမှာစကားပြောကြားရာတွင်  ထည့်သွင်း ပြောကြားခဲ့ကြသည်ဟု ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့- မတူပီ (တပ်မဟာ-၁)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းပြည်အတွင်း အကြမ်းဖက် စစ်ကောင်စီ ကင်းစင်ရေးတိုက်ပွဲတွင် အိမ်နီးချင်းကောင်းပီသစွာဖြင့် ပူးပေါင်း တိုက်ပွဲဝင်ခြင်း၊ ယခုကဲ့သို့ လက်နက်ခဲယမ်းများ ထောက်ပံ့ပေးခဲ့ခြင်းတို့အပေါ် ချင်းပြည် ကာကွယ်ရေးတပ်ဖွဲ့-မတူပီ (တပ်မဟာ-၁) မှ  အာရက္ခတပ်တော်အား လေးနက်စွာ ကျေးဇူး တင်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။


အာရက္ခတပ်တော် (AA) သည် တစ်နိုင်ငံလုံးတွင် စစ်ကောင်စီကင်းစင်သွားမှ တစ်နိုင်ငံလုံးရှိ အဖိနှိပ်ခံ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လွတ်မြောက်နိုင်မည်ဟု​ ခံယူချက်ဖြင့် ရခိုင်ပြည်တွင်သာမက ချင်းပြည်၊ ကချင်ပြည်၊ ရှမ်းပြည်မြောက်ပိုင်း၊ ကရင်ပြည်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင်လည်း တော်လှန်ရေး တပ်ဖွဲ့များနှင့် လက်တွဲကာ စစ်ကောင်စီအား အတူ တိုက်ပွဲဝင်နေသည့် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည်ဟု သိရသည်။

ရခိုင်ပြည် တိုက်ပွဲတိုင်းတွင် စစ်ကောင်စီတပ်ကို အပြတ်ချေမှုန်းကာ အောင်ပွဲရနေ၍ အများပြည်သူတို့၏ လေးစားဂုဏ်ပြုချီးကျူးမှုကို ရရှိနေသော တပ်တော်ဖြစ်ကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ