ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

ရှမ်းခေါင်းဆောင်ဦးခွန်ထွန်းဦးကွယ်လွန်ခြင်းအပေါ် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) အပါအဝင် ရခိုင်နိုင်ငံရေးအဖွဲ့အစည်း ၄ ခုမှ ဝမ်းနည်းကြောင်း သဝဏ်လွှာပို့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 2.5k

အေးမြတ်ခိုင်
နိရဥ္စရာ၊ မေ ၂/၂၀၂၂
ရှမ်းတိုင်းရင်းသားခေါင်းဆောင်ကြီး ဦးခွန်ထွန်းဦး ကွယ်လွန်ခြင်းအတွက် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) အပါအဝင် ရခိုင်ပါတီများဖြစ်ကြသည့် ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)နှင့် ရခိုင့်ဦးဆောင်ပါတီ(AFP) တို့မှ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ကြသည်။
ULA ၏သဝဏ်လွှာက ပေးပို့သည့် သဝဏ်လွှာတွင် “ အဖိနှိပ်ခံ ရှမ်းပြည်သူ လူထုများ၏ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့် ရရှိရေးအတွက် မရှိမဖြစ် စံထားရမည့် လမ်းပြပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ယခုကဲ့သို့ နိုင်ငံရေးပန်းတိုင် မရောက်မီ လမ်းခုလတ်၌ ဦးခွန်ထွန်းဦးအား ဆုံးရှုံးလိုက်ရခြင်းသည် ရှမ်းပြည်သူလူထုအတွက်သာမက အဖိနှိပ်ခံ မြန်မာပြည်သူလူထုကြီး တစ်ရပ်လုံး အတွက်ပါ တန်ဖိုးကြီးမားလှသော အစားထိုးမရသည့် ဆုံးရှုံးမှုကြီးတစ်ရပ်ပင် ဖြစ်ကြောင်း” ရေးသားထားသည်။
ရခိုင်အမျိုးသားပါတီ(ANP)က သဝဏ်လွှာတွင် “ဦးခွန်ထွန်းဦး၏ အမျိုးသားတန်းတူရေး ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေး ကိုယ်ပိုင်အုပ်ချုပ် စီမံခွင့်ရရှိရေး နှင့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးတို့ အတွက်ကိုယ်ကျိုးစွန့် ကြိုးပမ်းအားထုတ်ခဲ့မှုများကို ရခိုင်အမျိုးသား ပါတီအနေဖြင့် မှတ်တမ်းတင် ဂုဏ်ပြုပြီး ဦးခွန်ထွန်းဦး ကွယ်လွန်သွားသည့် အတွက် ဦးခွန်ထွန်းဦး၏ မိသားစု၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) တို့နှင့် ထပ်တူထပ်မျှဝမ်းနည်း ကြေကွဲရပါကြောင်း” သဝဏ်လွှာပေးပို့ထားသည်။
ဦးခွန်ထွန်းဦးသည် တိုင်းရင်းသားတန်းတူရေးနှင့် ဒီမိုကရေစီရေးတို့အတွက် ရှမ်းအမျိုးသားများကို သာမက နိုင်ငံအဆင့်ဦးဆောင်လျက် ပြီးခဲ့သော ဆယ်စုနှစ် သုံးစုလုံးလုံး စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့်အတွက် ဦးခွန်ထွန်းဦး ကွယ်လွန်သွားသည့်အပေါ် ဝမ်းနည်းရပါကြောင်း ရခိုင်ဦးဆောင်ပါတီက (AFP) ကလည်း သဝဏ်လွှာပေးပို့ထားသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD )ကလည်း “ ဦးခွန်ထွန်းဦး ကွယ်လွန်ခြင်းသည် ရှမ်းတိုင်းရင်းသားများ အတွက် သာမက ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံးအတွက် ကြီးစွာသော ဆုံးရှုံးမှုဖြစ်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD ) အတွက် နှစ်ပေါင်းများစွာ မဟာမိတ်အဖြစ် လက်တွဲပြီး အာဏာရှင် စနစ်ကို အတူတိုက်ဖျက်ခဲ့သူအဖြစ် အစားထိုးမရသည့် ဆုံးရှုံးမှုတစ်ရပ်ဖြစ်သောကြောင့် ဥက္ကဋ္ဌကြီးကွယ်လွန်ခြင်းအပေါ် အထူးဝမ်းနည်း ကြေကွဲစွာကြောင်း” သဝဏ်လွှာတွင် ဖော်ပြ ပါရှိသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌဟောင်း၊ ရှမ်း အမျိုးသားခေါင်းဆောင်ကြီး ဦးခွန်ထွန်းဦး (၇၉) နှစ် သည် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၃၀) ရက်နံနက် (၁ဝးဝ၀) နာရီတွင် ရန်ကုန်မြို့ နေအိမ်၌ လူကြီး ရောဂါဖြင့် ရုတ်တရက် ကွယ်လွန်သွားခဲ့သည်။
ဦးခွန်ထွန်းဦးသည့် ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ကို စတင်တည်ထောင်ခဲ့ပြီး ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းအထိ တာဝန်ယူခဲ့သူဖြစ်သည်။
(Photo By Mizzima)

ဆက်စပ် သတင်းများ