တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ကျောက်တော် ပေါက်လေဝစျေးတွင် စျေးကောက်ခနှင့် ဆိုင်ခန်းမြေနေရာ ငှားရမ်းခများ မြင့်တက်နေ၍ ဆိုင်ခန်း ၆ဝ ခန့် အခက်အခဲကြုံနေရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 906

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၆ /၂ဝ၂၃

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ပေါက်လေဝစျေးတွင် စျေးကောက်ခနှင့် ဆိုင်ခန်းမြေနေရာ ငှားရမ်းခများမြင့်တက်နေ၍ ဆိုင်ခန်း ၆ဝ ခန့် အခက်အခဲဖြင့် ကြုံတွေ့နေရသည်ဟု ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။

 

ယခုနှစ်တွင် ဆိုင်ခန်းတစ်ခန်းလျှင် တစ်ရက်စျေးကောက်ခအဖြစ် ကျပ် ၁ ထောင်နှင့် ဆိုင်ခန်းမြေနေရာ တစ်နှစ်အတွက်ငှားရမ်းခ ကျပ် ၈ သောင်းမှ ၁ သိန်းအထိ ပေးဆောင်နေရသည့်အတွက် ယခုကဲ့သို့ အရောင်းအဝယ်မကောင်းသည့်ကာလအတွင်း ဆိုင်ခန်းပိုင်ရှင်များ အခက်ကြုံနေရသည်ဟု ဆိုကြသည်။

ဆိုင်ခန်းပေါင်း ၆ဝ ခန့်ရောင်းချသည့် ပေါက်လေဝစျေးတွင် ယခင်နှစ်က ဆိုင်ခန်းတစ်ခန်းလျှင် တစ်ရက်စျေးကောက်ခအဖြစ် ကျပ် ၅ဝဝ နှင့် ဆိုင်ခန်းမြေနေရာ တစ်နှစ်အတွက်ငှားရမ်းခ ၃ သောင်းမှ ၅ သောင်းကျပ်အထိသာရှိခဲ့သည်ဟု ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။

ယင်းစျေးတွင် နှစ်ပေါင်း ၁ဝ ကျော်ရောင်းချလာသည့် ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ကျနော်တို့က ရောင်းချရတာလည်း မကောင်းဘူးလေ။ ကျနော်တို့က မော်တော်ဘုတ်တွေနဲ့ သွားရောင်းနေရတော့ ဘုတ်ခစရိတ်တွေလည်း ကြီးတယ်။ ဆိုင်ခန်းမြေခတွေလည်း ကြီးတယ်။ စျေးကောက်ခလည်း ကြီးတယ်။ တခြားစျေးတွေနဲ့စာရင် ဒီစျေးက စျေးကောက်ခနဲ့ ဆိုင်ခန်းငှားခတွေ ပိုနေတယ်လေဟု ပြောသည်။

အဆိုပါစျေးရှိ စျေးဆိုင်ခန်း ၆ဝ ခန့်တွင် ရွှေဆိုင်၊ အထည်ဆိုင်၊ ဖိနပ်ဆိုင်၊ အလှကုန်ပစ္စည်းအရောင်းဆိုင်၊ စားကုန်ဆိုင်၊ ဖုန်းနှင့်ဆက်စပ်ပစ္စည်းအရောင်းဆိုင်၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်နှင့် ဆေးဆိုင်များလည်း ပါဝင်သည်။

ပေါက်လေဝကျေးရွာအနီးရှိ အပေါက်ဝကျေးရွာနှင့် ဂုပ္ပီထောင့်ကျေးရွာစျေးတို့တွင်ဆိုလျှင် လက်ရှိတွင် တစ်ရက်လျှင် စျေးကောက်ခအဖြစ် ကျပ် ၅ဝဝ မှ ၁ ထောင်ခန့်သာရှိနေပြီး ယင်းစျေး (၂)ခုတွင် မြေနေရာငှားရမ်းခပေးဆောင်စရာမလိုဟု စျေးရောင်းချသူများက ဆိုကြသည်။

ပေါက်လေဝစျေးတစ်ခုတည်းသာ စျေးကောက်ခလည်း မြင့်တက်နေသလို ဆိုင်ခန်းမြေငှားရမ်းခလည်း မြင့်တက်နေခြင်းဖြစ်သည်ဟု နောက်ထပ် ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ပြောသည်။

အခုက ရောင်းချရတာလည်း မကောင်းတော့ တခြားစျေးတွေနဲ့စာရင် အကောက်အခွန်တွေက အရမ်း များနေတယ်လေ။ တစ်ပတ်မှာမှ ကျနော်တို့ အဲဒီမှာ (၂)ရက်ပဲ ရောင်းရတာ။ စျေးကောက်ခနဲ့ ဆိုင်ခန်းမြေငှားခတွေလည်း အဆမတန်ကြီးတယ်။ အားလုံးကျပ်တည်းနေချိန် အခုလို စျေးမြင့်တက်နေတော့ ကျနော်တို့လည်း အခက်အခဲဖြစ်နေရပါတယ်ဟု ပြောသည်။

အဆိုပါစျေးတွင် စျေးကောက်ခကောက်ခံရန်လေလံဆွဲထားသူမှာ ၃ ဦးရှိပြီး ရက်သတ္တပတ် (၁)ပတ်လျှင် ၁ ဦးစီအလှည့်ကျကောက်ခံနေကြခြင်းဖြစ်သည်။

အလားတူ ဆိုင်ခန်းမြေငှားရမ်းခကိုလည်း ယင်း ၃ ဦးက တစ်နှစ်လျှင် ၁ ဦးကျစီ အလှည့်ကျ ကောက်ခံလျက်ရှိသည်ဟု စျေးဆိုင်သည်များက ပြောသည်။

လက်ရှိ ကောက်ခံနေရသည့် ဦးစိန်ဝင်းမောင်က အဆိုပါစျေးသည် ပေါက်လေ(မြောက်)ကျေးရွာ၏ အနောက်ဘက်ရှိ ကုလားတန်မြစ်ကမ်းနံဘေး မြေကွက်လပ်တွင် တည်ရှိပြီး နှစ်စဥ်မိုးရာသီအတွင်း မြစ်ရေမြင့်တက်၍ ရေနစ်မြုပ်မှုဖြစ်ပေါ်နေသည်ဟု ပြောသည်။

ယင်းသို့ရေနစ်မြုပ်မှုမှကာကွယ်နိုင်ရန် သူတို့အနေဖြင့် စျေးမြေနေရာအား ရှင်းလင်းပြီး မြေဖို့ကာ မြေညှိနေရ၍ အကုန်အကျများနေသည့်အတွက် ယခုကဲ့သို့ စျေးနှုန်းမြှင့်တင် ကောက်ခံနေရခြင်းဖြစ်သည်ဟု နိရဥ္စရာကိုပြောသည်။

သူတို့ဆိုင်သည်တွေအတွက်လုပ်ပေးတာပါ။ ဘာလို့ဆို ကျနော်တို့မှာ မိုးရာသီဆို ရေမြုပ်လို့ တစ်ပြားမှ မရဘူး။ ရေမြုပ်နေရင် ရောင်းလို့မရတော့ဘူး။ စျေးသည်တွေလည်း လာမရောင်းဘူး။ လာတဲ့သူတွေလည်း လှေပေါ်မှာပဲရောင်းရတယ်။ ဒါကြောင့် ဒီလမကုန်ခင် ကျနော်တို့ သဲမြေဖို့ပြီး အပြီးလုပ်မယ်။ မဟုတ်ရင် စျေးသည်တွေ အဆင်မပြေဘူးဟု ပြောသည်။

အဆိုပါစျေးကို တစ်ပတ်လျှင် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တို့တွင် ဖွင့်လှစ်ပြီး ပေါက်လေဝကျေးရွာအပါအဝင် အနီးဝန်းကျင်ရှိကျေးရွာများမှ စျေးရောင်းချသူများနှင့် စျေးဝယ်သူများဖြင့် စည်ကားတတ်သည့် စျေးတစ်ခုဖြစ်သည်။

ဆက်စပ် သတင်းများ