တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်တွေမြို့တွင် ဘေးတွဲဆိုင်ကယ်မောင်းနှင်မှု လမ်းမတချို့တွင် ကန့်သတ်ပိတ်ပင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၇/ ၂၀၂၃

ရခိုင်ပြည်နယ်၏ စစ်တွေမြို့  လမ်းမ တချို့တွင် ဘေးတွဲဆိုင်ကယ်များမောင်းနှင်မှုကို ကန့်သတ်လိုက်သည်ဟု ဘေးတွဲဆိုင်ကယ်မောင်းနှင်သူများက ပြောဆိုသည်။

 

စစ်တွေမြို့ရှိ အဓိက လမ်းမကြီးများဖြစ်ကြသည့် မေယုလမ်း၊ လမ်းမကြီး၊ မင်းဘာကြီးလမ်း နှင့် နာဇီရွာလမ်းတို့တွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ စ၍ စစ်သား၊ ရဲသား၊ ယာဉ်ထိန်းရဲများ ပူးပေါင်းပြီး ဘေးတွဲဆိုင်ကယ်များအား ဖမ်းဆီးနေကြောင်း ၎င်းတို့က ပြောသည်။

 

ဘေးတွဲဆိုင်ကယ် မောင်းသူတစ်ဦးက ဖမ်းနေတာတော့ ဒီလ ၁၆ ရက်နေ့က စဖမ်းနေပါတယ်။ ပလုတ်တောင် မေယုလမ်းမပေါ်၊ စစ်တွေပြည်သူ့ဆေးရုံနားမှာလည်း ဖမ်းပါတယ်။ ဘေးတွဲတွေက မသွားရတော့။ နာဇီရွာ၊ မီးသတ်ခွဆုံတွေရော ဖြတ်သွားခွင့်မရှိဘူး။ ဖြတ်ရင်ဖမ်းမယ်လို့ ပြောထားပါတယ်။ အရင်နေ့တွေက သွားလို့ရပါတယ်။ မသွားရတဲ့ နေရာတွေကို သွားရင် အဖမ်းခံရမှာတော့ ကြောက်တာပေါ့။ အဖမ်းခံရတဲ့ သူတွေဆိုရင် ဒဏ်ငွေ ကျပ် ၃၀၀၀၀ (သုံးသောင်း) လောက် ပေးဆောင်ရင်တော့ ပြန်လွှတ်ပေးလိုက်ပါတယ် ဟုပြောသည်။

ယခုကဲ့သို့ ကန့်သတ်မှုများကြောင့် ေးတွဲဆိုင်ကယ်မောင်းနှင်သူများအနေဖြင့်  အခက်အခဲများ ကြုံနေကြရသည်ဟု နောက်ထပ် ဘေးတွဲဆိုင်ကယ်သမား တစ်ဦးက နိရဉ္စရာကို ပြောသည်။

ဆေးရုံနားတွေမှာ ဖမ်းနေပါတယ်။ နာရီစင်အလွန် တရားရုံးနားတွေမှာ ဖမ်းပါတယ်။ ဘာကြောင့်ဖမ်းလည်း ကျွန်တော်တို့လည်း မသိပါဘူး။ မနေ့ကနေ လမ်းမကြီး၊ မင်းဘာကြီး၊ မေယုလမ်းတွေ မသွားရဘူးလို့ သတ်မှတ်ထားပါတယ်။ ဈေးကြီးကို သွားမယ်ဆိုရင် လမ်းကြားတွေကတော့ ဝင်သွားလို့ရပါတယ်။ သူတို့ ကန့်သတ်ထားတဲ့ နေရာက သွားတာတွေ့ရင်တော့ ဖမ်းမယ်လို့ပြောထားပါတယ်။ ဒီလိုကြာလာရင်တော့ အခက်အခဲတွေရှိနိုင်တာပေါ့။ အမြဲတမ်းသွားတဲ့ လမ်းကသွားနေရရင် အဆင်ပြေတယ်။ လမ်းကြားတွေက သွားရရင် ခရီးသည်တွေလည်း သိပ်အဆင်မပြေဘူးပေါ့။ ခေတ်မှာက ဒီလိုဖြစ်နေတာဆိုတော့ ကျွန်တော့်တို့မှာ ဘာမှ ပြောပိုင်ခွင့်မရှိပါဘူး ဟုပြောသည်။

စစ်တွေမြို့ရှိ လက်လုပ်လက်စားအများစုမှ ဘေးတွဲဆိုင်ကယ်ကို အဓိကထား မောင်းနှင်ပြေးဆွဲနေသူများဖြစ်ကြပြီး အဆိုပါလုပ်ငန်းဖြင့် မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေကြရသည်ဟု ဆိုသည်။

 

အမည်မဖော်လိုသည့် နောက်ထပ် ဘေးတွဲဆိုင်ကယ်မောင်းနှင်သူ တစ်ဦးက  မနေ့ကတော့ သတိပေးထားပါတယ်။ လမ်းမကြီး၊ မင်းဘာကြီးလမ်း တွေကတော့ မမောင်းရဘူး။ ဘာကြောင့် မမောင်းရလဲတော့ မပြောပါဘူး။ လမ်းကြားကတော့ သွားလို့ရပါတယ်။ ဘေးတွဲတွေကို လိုင်စင်ထုတ်ပေးတာမျိုးလည်းမရှိပါဘူး။  မိသားစု စားဝတ်နေရေးအတွက်ကတော့ အခုက ဖြစ်သလိုစားနေရတာပေါ့။ ဒီလိုလက်လုပ်လက်စားအများစု လုပ်ကိုင်စားသောက်နေတဲ့ ဘေးတွဲဆိုင်ကယ်တွေကို မမောင်းရဘူးလို့ တားမြစ်ရင် နောက်ထပ် ဘယ်လိုအလုပ်တွေနဲ့ အစားထိုးမယ်ဆိုတာ တာဝန်ရှိသူတွေက စဉ်းစားသင့်ပါတယ်။ ဒီအလုပ်တစ်ခုတည်းကို လုပ်တတ်တဲ့ လူတွေ အလုပ်လက်မဲ့ဖြစ်သွားရင် ဒုစရိုက်လုပ်ငန်းတွေ ပိုပေါလာမယ်။ အခုတော့ သိပ်အခြေအနေ မဆိုးပေမယ့် ောက်ပိုင်းတော့ ဘယ်လိုနေမလဲမသိပါဘူးဟုပြောသည်။

ယခုကိစ္စနဲ့ပတ်သတ်ပြီး စစ်တွေမြို့ယာဉ်ထိန်းမော်တော်ပီကယ်ရုံးကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။

ထိုကဲ့သို့ ဘေးတွဲဆိုင်ကယ်မောင်းနှင်သူများအား ယခုလို ကန့်သတ်ချက်ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက တစ်ကြိမ် သတိပေးကန့်သတ်ထားခဲ့ခြင်းမျိုးရှိခဲ့ပြီး၊ ယခု ဒုတိယ ကြိမ် ကန့်သတ် ပိတ်ပင်လားခြင်းမျိုးဖြစ်သည် သိရသည်။ (NN-13)

ဆက်စပ် သတင်းများ