တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရေနစ်သေဆုံးမှုများမကြာခဏဖြစ်ပွားသည့် စစ်တွေ ပွိုင့်ကမ်းခြေ၏ ရေဆွဲအားရှိသည့်နေရာတစ်ခုတွင် ရေဆင်းမကူးရသတိပေးဆိုင်းဘိုး ပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 4k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၀/ ၂၀၂၃

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်တွေပွိုင့်ကမ်းခြေတွင် ရေနစ်၍ လူသေဆုံးမှုများ မကြာခဏ ဖြစ်ပွားတတ် သည့် ပွိုင့်ကမ်းခြေ ရေဆွဲအားရှိသည့် နေရာတစ်ခုတွင်  ရေဆင်းမကူးရ သတိပေးဆိုင်းဘိုး ပြုလုပ်နေသည်ဟု သိရသည်။

အဆိုပါဆိုင်းဘိုးကို ပြုလုပ်ရခြင်းသည် စစ်တွေပွိုင့်ကမ်းခြေတွင် ဒီရေအတက်အကျပေါ်မူတည်ပြီး ရေအောက်သို့ ရေဆွဲအားများရှိနေသဖြင့် ရေဆင်းကူးသည့်သူများအတွက် အသက်သေဆုံးမှု အန္တရာယ်များဖြစ်ပေါ်နေ၍ ကြိုတင်ကာကွယ်သည့်အနေဖြင့် အသိပေးဆိုင်းဘိုးပြုလုပ်ရခြင်း ဖြစ်သည်ဟု ဆိုင်းဘုတ်အားပြုလုပ်နေသည့် တာဝန်သိပြည်သူတစ်ဦးဖြစ်သူ ဦးကျော်အောင်စိန်က နိရဥ္စရာသတင်းဌာနကို ပြောသည်။

"စစ်တွေကမ်းခြေမှာ ရေအတက်အကျအလိုက် ရေအောက်သို့ရေဆွဲအားပြင်းတယ်။ ရေဆင်းကူး သူတွေက ဒီလိုအသိပေးဆိုင်းဘိုးမရှိလို့ ရေဆင်းကူးရင်း သေဆုံးသွားတာရှိတယ်။ ဟိုတလောတုန်းကလည်း ကလေး ၃ ယောက်ကလည်း ရေဆင်းကူးရင်း မသေသင့်ဘဲ သေသွားခဲ့ရတဲ့အတွက် အန္တရာယ်မရှိရအောင် အသိပေးဆိုင်းဘိုးပြုလုပ်ရတာပါ" ဟု ပြောသည်။

အန္တရာယ်ရှိနေရာအဖြစ်သတ်မှတ်ထားသည့် ပွိုင့်ကမ်းခြေ၏ ပွိုင့်အငူဘက်တွင် သတိပေးဆိုင်းဘိုး ၃ ခုကို မီတာ ၅၀ အကွာအဝေးဖြင့် စိုက်ထူသွားမည်ဖြစ်ပြီး အောက်ခြေကြမ်းခင်းမှ ကုန်းအပေါ်ဆိုင်းဘိုးအထိ အမြင့်ပေ ၁၇ ပေခွဲရှိသည်ဟုလည်း ဆိုသည်။

"ဟိုတယ်ဘက်ထိတော့ မလုပ်တော့ဘူး။ အဲဒီဘက်မှာက ရေအောက်မှာသဲတွေနဲ့ဆိုတော့ မာတဲ့နေရာမရှိရင်လုပ်လည်း အသုံးမဝင်ဘူး။ သဲတွေနဲ့ရေထဲ လျှောကျပါသွားမယ်။ ဒီအန္တရာယ်ရှိနေရာမှာပဲ ကာကွယ်အသိပေးဆိုင်းဘိုးလုပ်တာပါ" ဟု ပြောသည်။

အဆိုပါဆိုင်းဘိုးများကို ရခိုင်ပြည်ဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် ဖေဖော်ဝါရီလ အစောပိုင်းခန့်မှစတင်ကာ RC တိုင်ဖြင့် ခိုင်ခန့်စွာပြုလုပ်နေခြင်းဖြစ်သည်။

ယခုကဲ့သို့ သတိပေးဆိုင်းဘိုးများစိုက်ထူနေမှုအပေါ် စစ်တွေကမ်းခြေတွင်လာရောက်လာ်ပတ်နေသည့် အမျိုးသမီးတစ်ဦးကလည်း လုပ်သင့်လုပ်ထိုက်သည့်အလုပ်ဖြစ်သည်ဟု ပြောသည်။

"ဒီနေရာမှာ လူသေဆုံးမူတွေ အများကြီးရှိခဲ့တယ်။ ဒီနားမှာရှိပါတယ်ဆိုတဲ့ CCTV တွေက ဘာမှလည်း အသုံးမဝင်ပါဘူး။ ဟိုးတလောကလည်း ကလေး ၃ ယောက် ရေဆင်းကူးရင်း၊ ရေနစ်သေတယ်။ ဒါကြောင့်မလို့ ဒီလိုဆိုင်းဘိုးလုပ်လိုက်တော့ မြန်မာစာဖတ်တတ်တဲ့ ကလေးသူငယ်ကအစ ဒီနေရာမှာ အန္တရာယ်ရှိတယ်။ ရေဆင်းမကူးရဘူးဆိုတာကို ဦးနှောက်ထဲစွဲသွားတယ်။ ကောင်းတဲ့လုပ်ရပ်လို့တော့ မြင်ပါတယ်" ဟု ပြောသည်။

ယင်းဆိုင်းဘိုးပြုလုပ်ရာ၌ ဆိုင်းဘိုးစိုက်ထူရန် ကမ်းခြေရှိကျောက်တန်း အချို့အား တူးဖော်လိုက်ရသော်လည်း အတတ်နိုင်ဆုံး အပျက်အစီးနည်းအောင်ဆောင်ရွက်ခြင်းဖြစ်ပြီး ကျောက်တန်းများအား ဖြိုဖျက်နေခြင်း မဟုတ်ဟု ၎င်းက ပြောဆိုည်။

"ဒီနေရာမှာ ဒီဆိုင်းဘိုးတိုင်တွေကို ဒီအတိုင်းကြီးတည်ဆောက်လို့မရဘူး။ ဒါကြောင့် ကျောက်တန်းကနေ အောက်ကို ၄ ပေ၊ ၆ ပေ တူးလိုက်လို့ပြဿနာမဟုတ်ဘူး။ ဒီတိုင်တည့်မတ်ဖို့ မိုးရာသီ လေဒဏ်၊ မိုးဒဏ်၊ လှိုင်းဒဏ်တွေခံနိုင်ဖို့အတွက် အောက်က Foundation ချဖို့အတွက် တူးရတာဖြစ်ပါတယ်။ သဘာဝကိုဖျက်စီးရာလည်း မရောက်ပါဘူး။ ကောင်းတဲ့အမြင်နဲ့ ပေးကြည့်ပေးကြပါလို့ ပြောချင်ပါတယ်။ ကျွန်တော်က အခကြေးယူပြီးလုပ်နေတာလည်း မဟုတ်ဘူး။ တာဝန်သိပြည်သူတစ်ယောက်အနေနဲ့ ပါဝင်လုပ်ကိုင်နေတာပါ" ဟု ၎င်းကပြောသည်။

စစ်တွေပွိုင့်အငူအနီးကမ်းခြေတွင် ရေဆွဲအားနှင့် ဒီရေအတက်အကျကို မသိ၍ ရေဆင်းကူးသူများအနေဖြင့် ရေနစ်သေဆုံးမှုများ မကြာခဏဆိုသလို ဖြစ်ပေါ်လျက်ရှိသည်ဟု မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အောက်တိုဘာလ ၂၂ ရက်၊ နံနက် ၁၁ နာရီခန့်ကလည်း စစ်တွေမြို့မှ စတုတ္ထတန်းကျောင်းသား ၃ ဦးသည် ကမ်းခြေအတွင်း ရေဆော့ကစားရာမှ ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့၍ မြို့ခံများအကြား ဝမ်းနည်းကြေကွဲခဲ့ကြရသည်။ (NN-12)

ဆက်စပ် သတင်းများ