တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မြစ်ပြင်ထဲဆင်းပြီး မိမိကိုယ်ကိုမိမိ အဆုံးစီရင်သွားသော စစ်တွေအစိုးရနည်းပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး၏ အလောင်းပြန်တွေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 811

စစ်တွေကမ်းနားလမ်းရှိ မြစ်ပြင်သို့ တစ်ဦးတည်းဆင်းသွားပြီးမိမိကိုယ်ကိုမိမိ အဆုံးစီရင်သွားသော စစ်တွေအစိုးရ နည်းပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးဦးသိန်းနိုင်(၄၅)နှစ်အလောင်းကိုယမန်နေ့ ည ၇နာရီခန့် ပြန်တွေ့ခဲ့သည်ဟုသတင်းရရှိသည်။ 


ဆရာကြီးအလောင်းအား စစ်တွေကမ်းခြေ ဘာဆာရာရွာ အနောက်ဖက်တွင် ယမန်နေ့ဇွန်လ ၃ ရက်၊ ည ၇ နာရီအချိန်က ရှာဖွေတွေ့ရှိခဲ့သည်ဟု မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းဥက္ကဌ ကိုလင်းလင်းက နိရဥ္စရာသို့ပြောသည်။

 

" မနေ ည ၇ နာရီလောက်မှာ ဘာဆာရွာအနောက်ဖက်၊စစ်တွေဟိုတယ်ရဲ့ အနောက်တောင်ဖက် သုံးမိုင်အကွာမှာ အလောင်းကို ပြန်တွေ့ပါတယ်။ မနေ့ညကဆင်းသွားတဲ့အချိန် အဝတ်အစားတွေနဲ့ တိုက်ကြည့်ပြီးတော့ ဆရာကြီးအလောင်းဆိုတာ အတည်ပြုနိုင် ခဲ့ပါတယ်" ဟု ကိုလင်းလင်းက ပြောသည်။

 

အဆိုပါဆရာကြီးသည် ဇွန်လ ၂ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲကျော်တွင် ကမ်းနားလမ်းရှိ တြိဂံလမ်းဆုံနှင့် စစ်တွေဖောင်တော်ဟောင်းကြားရှိ ကျောက်တန်းရှိသည့်နေရာ မြစ်ပြင်သို့ တစ်ဦးတည်း ဆင်းသွားပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်ဟု မျက်မြင် ဒေသခံများက ပြောသည်။

 

ယင်းသို့ရေထဲဆင်းသွားပြီးနောက် အစိုးရနည်းပညာအထက်တန်းကျောင်းမှ ဝန်ထမ်းများက လာရောက်ရှာဖွေရာ သူ၏ဆိုင်ကယ်နှင့် ဦးထုပ်အဖြူရောင်တစ်လုံးကို ကမ်းနားလမ်းပေါ်တွင်တွေ့ရှိခဲ့သော်လည်း ဆရာကြီးအား ရှာဖွေမတွေ့တော့ဟု ဆိုသည်။ 

 

ကျောင်းအုပ်ဆရာကြီးဦးသိန်းနိုင်မှာ ဗမာတိုင်းရင်းသားတစ်ဦးဖြစ်ပြီး စစ်တွေတွင် တာဝန်ကျနေသည်မှာ နှစ်အနည်းငယ်ကြာပြီဟု သိရသည်။ မည်သည့်အတွက်ကြောင့် ယခုလို သေကြောင်းကြံသွားခဲ့သည်ကိုမှု မသိရှိရသေးဟုဆိုသည်။

 

လက်ရှိတွင်ဆရာကြီး၏အလောင်းအား စစ်တွေဆေးရုံကြီးရှိရင်ခွဲရုံသို့ပို့ဆောင်ထားကြောင်း မေတ္တာရောင်ခြည်အသင်းဥက္ကဋ္ဌ ကိုလင်းလင်းကပြောသည်။ (NN-23)

 

ဓာတ်ပုံ- မေတ္တာရောင်ခြည်

ဆက်စပ် သတင်းများ