တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

တောင်ကုတ်တွင် စေတနာသွေးလှူရှင်အသင်းကို သွေးလှူခွင့်ပိတ်ပင်၍ လူနာများအခက်ခဲရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 704

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ စေတနာသွေးလှူရှင်များအသင်းအား မြို့နယ်ဓာတ်ခွဲမှူးက သွေးလှူဒါန်းခွင့်တားမြစ် ပိတ်ပင်လိုက်သည့်အတွက် အနယ်နယ်အရပ်ရပ်မှ လာရောက်ကုသသည့် အရေးပေါ်လူနာများအတွက် သွေးအခက်ခဲရှိနေကြကြောင်း သတင်းရရှိသည်။

ယမန်နေ့ ဇွန်လ ရက်က တောင်ကုတ်မြို့နယ်ဓာတ်ခွဲမှူး ဦးထွန်းခင်က စေတနာသွေးလှူရှင်များ အသင်းမှ စာရေးနှစ်ဦးကို ခေါ်ယူကာ တောင်ကုတ်မြို့နယ် ဓာတ်ခွဲရုံးတွင် ၄င်းတာဝန်ကျနေသမျှ ကာလပတ်လုံး စေတနာသွေးလှူရှင်များအသင်းအနေဖြင့် လူနာများအားသွေးလှူစရာမလိုတော့ဟု ပြောဆိုခဲ့ကြောင်းသိရသည်။

" မနေ့က သွေးတောင်းခံဖို့လူနာရှင် ယောက်ရှိတယ်။အဲဒါကို လူနာရှင်တစ်ယောက်နဲ့ သွေးလှူရှင်နဲ့ အတူ ဓာတ်ခွဲခန်းကိုသွားကြပါတယ်။ အဲလိုသွားပြီးနောက်မှ မြို့နယ် ဓာတ်ခွဲမှူးကနေပြီးတော့ သွေးလှူရှင်အသင်းက ကျနော်အပါအဝင်စာရေးနှစ်ယောက်ကိုခေါ်ပြီးတော့ မင်းတို့ မနေ့ကဘာလို့ သွေးမလှူတာလဲလို့မေးပါတယ်။ ကျနော်တို့က အသင်းကသတ်မှတ်ထားတဲ့ သွေးလှူရက်မဟုတ်တဲ့ အတွက် လာမလှူဖြစ်တာပါလို့ပြောပါတယ်။အဲဒါနဲ့ဓာတ်ခွဲမှူး ကျနော်တို့ကို မင်းတို့အသင်းက သွေးလှူဖို့ လာစရာလည်း မလိုတော့ဘူးလို့ လေသံမာမာနဲ့အော်လွှတ်လိုက်ပါတယ်" ဟု စေတနာ သွေးလှူရှင်များ အသင်း စာရေးလူငယ်တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

 

ယင်းသို့ မြို့နယ်ဓာတ်ခွဲမှူးကိုယ်တိုင်က သွေးလှူရှင်များအသင်းကို သွေးလှူဒါန်းခွင့် တားမြစ်သည့် အတွက် ယမန်နေ့ဇွန်လ ရက်မှစ၍ သွေးလှူဒါန်းမှုကို ရပ်တန့်ထားရကြောင်း စေတနာ သွေးလှူရှင်အသင်း၏ အကျိုးဆောင်တစ်ဦးဖြစ်သည့် ဦးသောင်းကျော်က နိရဥ္စရာသို့ပြောသည်။

 

" မြို့နယ်ဓာတ်ခွဲမှူးက သွေးလှူခွင့်တားမြစ်ပိတ်ပင်လိုက်တဲ့အတွက် သွေးလှူဒါန်မှုကို မနေ့ကပဲ ရပ်တန့်ထားရပါတယ်။ လက်ရှိမှာ  ကျနော်တို့အနေနဲ့ သွေးတောင်းခံလာတဲ့ လူနာတွေရှိနေပေမယ့် မြို့နယ်ဓာတ်ခွဲမှူးကိုယ်တိုင်က ပိတ်ပင်လာတာကြောင့် အကူညီ မပေးနိုင်တဲ့အခြေအနေဖြစ်နေပါတယ်။ သွေးလာတောင်းခံကြတဲ့လူနာတွေအတွက်လည်း အလွန်ဝမ်းနည်း စိတ်မကောင်းဖြစ်မိပါတယ်" ဟု သူက ပြောသည်။


အဆိုပါ မြို့နယ်ဓာတ်ခွဲမှူးဦးထွန်းခင်က စေတနာသွေးလှူရှင်များအသင်းအနေဖြင့် သွေးလှူစရာ မလိုတော့ကြောင်း၊ လူနာများ အတွက်လိုအပ်သည့်သွေးများကို ၄င်းအနေဖြင့် အွန်လိုင်းမှ အလှူရှင်များရှာဖွေကာဖြည့်ဆည်းပေးနိုင်ကြောင်းလည်း ပြောဆိုခဲ့သည်ဟုလည်း သိရသည်။

 

ယင်းသို့မြို့နယ်ဓာတ်ခွဲမှူးက သွေးလှူခွင့်ပိတ်ပင်လိုက်သည့်နောက်ပိုင်း ယနေ့ ဇွန် ရက်တွင် စေတနာသွေးလှူရှင်များအသင်းသို့ အရေးပေါ်သွေးအကူညီတောင်းခံလာသူများရှိနေသည်ဟု သိရသည်။

 

၎င်းအသင်းမှ လူနာရှင်များအား သွေး အကူညီပေးနိုင်ခြင်းမရှိသည့်အတွက် အခက်ခဲဖြစ်နေကြောင်း မာန်အောင်မြို့နယ်မှ အရေးပေါ် ခွဲစိတ်ရန် သွေးလိုအပ်နေသည့် လူနာရှင်တစ်ဦး၏ ဆွေမျိုးတစ်ဦးက နိရဥ္စရာသို့ပြောသည်။

 

" ဒီနေ့ ကျနော့်မိသားစုထဲကတယောက် မနက်ဖြန်ခွဲစိတ်ရမယ်ဆိုပြီးတော့ လိုအပ်မယ့်သွေးကို သွေးလှူရှင်အသင်းဆီသွားပြီးတော့ အကူညီတောင်းပါတယ်။ သွေးလှူရှင်အသင်းက တာဝန်ရှိသူတွေက မြို့နယ်ဓာတ်ခွဲမှူးက  သူတို့ကိုသွေးလှူခွင့်ပိတ်ထားလိုက်လို့ ကူညီပေးနိုင်တဲ့ အခြေအနေမရှိဘူးလို့ ပြောပါတယ်။ မနက်ဖြန်ဆိုခွဲစိတ်ရမယ်ဆိုတော့ သွေးအတွက်အခက်အခဲရှိနေပါတယ်။ ဘယ်လိုလုပ်ရမလဲမသိဘူး"ဟု ၎င်းကပြောသည်။

 

အဆိုပါစေတနာသွေးလှူရှင်များအသင်(တောင်ကုတ်မြို့)ကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်တွင် စတင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ပင်တိုင်သွေးအလှူရှင်ပေါင်း ၂၀၀၀ ကျော်ရှိကြောင်းသိရသည်။

 

ယခု ၂၀၂၃ ခုနှစ်၊ဇွန်လ ရက်ထိ စေတနာရှင်သွေးလှူရှင်များအသင်းထံမှ  သွေးတောင်းခံသူ လူနာဦးရေ ၈၀၀၀၀ ဝန်းကျင်ခန့် ရှိခဲ့ပြီး အရေးတကြီးလိုအပ်နေသည့် သွေးအိတ်ရေ ၈၀၀၀ ဝန်းကျင်ကို လှူဒါန်းနိုင်ခဲ့ ကြောင်း သူကပြောသည်။

 

စေတနာသွေးလှူရှင်အသင်းမှ အားကိုးထား၍ သွေးတောင်းခံလာသည့် လူနာရှင်များမှာ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင် အပြင် ပုပ္ပါး၊မြင်းခြံ၊ချောက်စသည့်ပြည်မဖက်မှ လာရောက်အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားမိသားစုများလည်းပါဝင်ကြောင်းသိရသည်။


ယခုကဲ့သို့ စေတနာသွေးလှူရှင်များအသင်းကို သွေးလှူခွင့်ပိတ်ပင်လိုက်သည် ဆိုသည့်ကိစ္စနှင့် ပတ်သက်၍ ကာယကံရှင်ဖြစ်သူ တောင်ကုတ်မြို့နယ်ဓာတ်ခွဲမှူး ဦးထွန်းခင်အား နိရဥ္စရာမှ ဆက်သွယ် မေးမြန်းရန်ကြိုးစားခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပါ

 

ယခုကဲ့သို့ ကျန်းမာရေးအတွက်အရေးကြီးသည့် ဇီဝိတဒါနဖြစ်သည့် သွေးလိုအပ်မှုကို ကူညီ ဖြည့်ဆည်းပေးနေသည့် စေတနာရှင်အသင်းအဖွဲ့အစည်းတစ်ခုအား သွေးလှူဒါန်းမှုကို ပိတ်ပင်သည့်ကိစ္စအပေါ် အမြန်ဖြေရှင်းပေးရန်  တောင်ကုတ်မြို့ခံများက တောင်းဆိုထားကြောင်း သိရှိရသည်။(NN-23)

ဆက်စပ် သတင်းများ