တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းတွင် အစာအဆိပ်သင့်၍ ကျောင်းသား ၃ ဦးအပါအဝင် ၁၃ ဦး ဆေးရုံတင်လိုက်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 792

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် မှိုအစာအဆိပ်သင့်၍ ကျောင်းသား ၃ ဦးအပါအဝင် ၁၃ ဦးသည် ဆေးရုံတက်ရောက် ကုသမှုခံနေရသည်ဟု သိရသည်။

အစာအဆိပ်သင့်၍ ဆေးကုသမှုခံယူနေရသူများမှာ ပုဏ္ဏားကျွန်းမြို့၊ မြို့သစ်ရပ်ကွက်မှ ၅ ဦး၊ စံပြရပ်ကွက်မှ ၄ ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်ကျေးရွာမှ ၄ ဦးတို့ဖြစ်သည်။

သူတို့သည် ယနေ့ ဇွန်လ ၁၂ ရက်၊ နံနက်တွင် ထမင်းစားပြီးနောက် မူးဝေအော့အန် သတိလစ်သွားခဲ့ကြသည့်အတွက် နေ့လယ် ၁ နာရီခန့်၌ ပုဏ္ဏားကျွန်းဆေးရုံသို့ အရေးပေါ်တက်ရောက်ကုသခံယူနေရခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

သာစည်ကျေးရွာမှ အစာအဆိပ်သင့်သူ သက်ကြီးပိုင်းတစ်ဦး၏ မိသားစုဝင် ဒေါ်မဆန်းယဥ်က "မနက်ထမင်းစားပြီးတော့ ခေါင်းမူးတယ်ဆိုပြီး အိပ်သွားတယ်။ အိပ်သွားရာကနေ သတိလစ်သွားတော့ ဆေးရုံအမြန်တင်လိုက်ရတာ"ဟု ပြောသည်။

ဒေါ်မဆန်းယဥ်တို့မိသားစုတွင် ယနေ့နံနက်က ရွာ၌လှည့်လည်ရောင်းချသည့် မှိုနှင့် မတည့်သော ဟင်းတစ်ခုခုကိုရောချက်စားရာမှ ယခုကဲ့သို့ အစာအဆိပ်သင့်သွားခြင်းဖြစ်နိုင်သည်ဟုလည်း သူမက ပြောဆိုသည်။

အလားတူ ပုဏ္ဏားကျွန်းမြို့၊ မြို့သစ်ရပ်ကွက်နှင့် စံပြရပ်ကွက်တို့မှ အစာ အဆိပ်သင့်သူများ သည်လည်း ပုဏ္ဏားကျွန်းမြို့ရှိ ရထားသံလမ်းမှရရှိခဲ့သည့်မှိုကို ပုဏ္ဏားကျွန်းစျေးတွင် ရောင်းချစဥ် ဝယ်ယူစားသောက်ခဲ့ရာမှ ယခုကဲ့သို့ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များ၏ ပြောဆိုချက်များအရသိရကြောင်း ဆေးရုံသို့ သွားရောက်ကြည့်ရှုခဲ့သည့် မြို့ခံတစ်ဦးက ပြောသည်။

အစာအဆိပ်သင့်သူများတွင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၄ ဦး၊ ပုဏ္ဏားကျွန်းမြို့၊ မြို့သစ်ရပ်ကွက်အလယ်တန်းကျောင်းမှ Gread-7 ကျောင်းသူ ၁ ဦးနှင့် ကျောင်းသား ၂ ဦးတို့ဖြစ်ကြသည်ဟု သူက ဆိုသည်။

"ကလေးတွေကတော့ ကျောင်းမှာနေမကောင်းဖြစ်လာတော့မှ ဆရာ၊ ဆရာမတွေက အိမ်ကိုပို့တယ်။ အိမ်ကတဆင့် ဆေးရုံရောက်လာတာ"ဟု ပြောသည်။

လက်ရှိတွင် အစာအဆိပ်သင့်သူများအားလုံးသည် ဆေးရုံတွင် သက်သာနေကြပြီဟု သိရသည်။ (NN-16)

ဆက်စပ် သတင်းများ