တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ကမ်းထောင်းကြီးမြို့တွင် မီးသဂြိုလ်ခစျေးကြီးလွန်း၍ မရှိဆင်းရဲသားများအခက်တွေ့နေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 849

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့တွင် မီးသဂြိုလ်စရိတ်စျေးကြီးမြင့်သွားသည့်အတွက် မရှိဆင်းရဲသားများအနေဖြင့် အခက်အခဲကြုံနေရကြောင်း မြို့ခံများကနိရဉ္စရာသို့ဆက်သွယ်ပြောဆိုကြသည်။

လက်ရှိ ကမ်းထောင်းကြီးမြို့တွင် အသုဘတစ်ခုအတွက် မီးသဂြိုလ်စရိတ်မှာ ကျပ် ၈၀၀၀၀ ရှိပြီး  ယင်းစျေးနှုန်းမှာ မရှိဆင်းရဲသားမိသားစုများအတွက် အထူးအခက်အခဲဖြစ်နေကြောင်း ကမ်းထောင်းကြီး မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

" အသုဘတစ်ခု မီးသဂြိုလ်ရင် ၈၀၀၀၀ ကျပ်စီပေးနေရတယ်လို့ နာရေးဖြစ်တဲ့မိသားစုတွေက ပြောကြတာတွေရှိတယ်။ အဲဒီစျေးနှုန်းက အလွန်ကြီးနေတော့ မရှိဆင်းရဲတဲ့ လူတွေအတွက် အရမ်း ခက်ခဲလွန်းတော့ အဆင်မပြေဘူး" ဟု သူက ပြောသည်။

ယခင်နှစ်များက ကမ်းထောင်းကြီးတွင် မီးသဂြိုလ်ရာတွင် မီးသဂြိုလ်စရိတ်ဟု သတ်သတ်မှတ်မှတ် မဟုတ်ဘဲ စေတနာပေါက် အလှူငွေထည့်လျှင် အဆင်ပြေကြောင်း၊ ၂၀၂၁  ခုနှစ်ကုန်ပိုင်းလောက်က စတင်ကာ မီးသဂြိုလ်စရိတ်မှာ မြင့်တက်လာကြောင်း သူကပြောသည်။

"အရင်ကဆိုရင် မီးသဂြိုလ်စရိတ်ဆိုပြီးသတ်မှတ်ထားတာမရှိခဲ့ပါဘူး။ စေတနာပေါက် အလှူငွေ ထည့်ရင်ရတယ်။ အခုက မဖြစ်မနေပေးရမယ့် စျေးနှုန်းတစ်ခုလိုဖြစ်နေတယ်လို့သိရတယ်။ ဒါတွေကို ပြန်လျှော့ပေါ့ပေးဖို့လိုတယ်" ဟု အဆိုပါအမျိုးသားက ပြောသည်။

ကမ်းထောင်းကြီးမြို့ မီးသဂြိုလ်စက်ကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က မြို့သူမြို့သားများ၏ စုပေါင်း အလှူငွေထည့်ဝင်၍ ကျပ်သိန်း ၂၀၀ ကျော်ကုန်ကျခံကာတည် ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းနောက် အဆိုပါမီးသဂြိုလ်စက်နှင့် မီးသဂြိုလ်ရေးကိစ္စများကို ကမ်းထောင်းကြီးမြို့ နာရေးကူညီမှု အသင်းက တာဝန်ယူ လုပ်ဆောင်ခဲ့ပြီး ယင်းအချိန်က မီးသဂြိုလ် စရိတ်ဟူ၍ သတ်မှတ်ထားခြင်း မရှိခဲ့ဘဲ စေတနာပေါက် ထည့်ဝင်ငွေများကိုသာ လက်ခံခဲ့ကြောင်း နာရေးကူညီမှု အသင်းဥက္ကဋ္ဌ မောင်ချယ်ရီ(ကမ်းထောင်းကြီး)က ပြောသည်။

" ကျွန်တော်တို့နာရေးကူညီမှုအသင်းက တာဝန်ယူပြီးလုပ်တုန်းကတော့ ဘယ်လောက်ပေးရမယ်လို့ သတ်မှတ်ထားတာတော့မရှိပါဘူး။ တချို့က ကျပ်သုံးသောင်း ထည့်သူထည့်တယ်။ တချို့ ငါးသောင်း ည့်သူထည့်တယ်။ တချို့ဘာမှမတတ်နိုင်တဲ့ သူမျိုးတွေဆို အလကားသဂြိုလ်ပေးလိုက်တာပါပဲ" ဟု သူကပြောသည်။

သို့သော် ၂၀၂၁ ခုနှစ်ကပင် နာရေးကူညီမှုအသင်းမှ မီးသဂြိုလ်စက်နှင့် မီးသဂြိုလ်ရေးကိစ္စများအား ကမ်းထောင်းကြီးမြို့ဂေါပကအဖွဲ့ထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သူကပြောသည်။

ယင်းသို့လွှဲပြောင်းပေးပြီးနောက် ကမ်းထောင်းကြီးမြို့ မြောက်ဖက်ကျောင်းတိုက်မှ ဂေါပကအဖွဲ့က ၄င်းတို့တာဝန်ယူ၍ လုပ်ပေးမည်ဟု ပြောဆို၍ ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း၊ ယင်းသို့ မလွှဲပြောင်းပေးမီက ဂေါပကအစည်းအဝေးတွင် မရှိဆင်းရဲသားများကို အလကား သဂြိုလ်ပေးမည်ဟု ကတိကဝတ်များရှိခဲ့ကြောင်း ကမ်းထောင်းကြီးမြို့ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

" နာရေးအသင်းက ကျနော်တို့ဂေါပကအဖွဲ့ကို ပြန်လွှဲအပ်တော့ ပြန်အစည်းအဝေးလုပ် ဆွေးနွေးပြီးတော့ မြောက်ဖက်ကျောင်း ဂေါပကကနေပြီး သူတို့တာဝန်ယူမယ်ဆိုပြီးပြောလို့ သူတို့ဆီကို လွှဲအပ်ခဲ့ပါတယ်" ဟု သူကပြောသည်။

မိုခါမုန်တိုင်းအလွန် မေလ ၁၅ ရက်လောက်ကလည်း ရသေ့တောင်မြို့နယ်မှ သံဃာတော်တစ်ပါးသည် ကမ်းထောင်းကြီးမြို့ မဟာရတနာဒီပအုတ်ကျောင်းတွင် ခေတ္တသတင်းသုံးနေစဥ် ပျံလွန်တော်မူသွား၍ မီးသဂြိုလ်ရန်သွားရာ ကျပ် ၈၀၀၀၀ ကို မရမကတောင်းခံ၍ ပေးခဲ့ရကြောင်း တပည့်ဒကာတစ်ဦးက ပြောသည်။

ယင်းသို့ မီးသဂြိုလ်ခစျေးမြင့်နေသည်ဟု​ ပြောဆိုမှုများနှင့်ပတ်သက်၍ မီးသဂြိုလ်စက်ကို တာဝန်ယူ ခန့်ခွဲနေသည့် မြောက်ဖက်ကျောင်း ဂေါပကအဖွဲ့မှ ဦးအေးဖေက မီးသဂြိုလ်စရိတ် ၈၀၀၀၀ ဆိုသည်မှာ ဒီဇယ်တဂါလံကို ၁၂၀၀ ဖြင့်ဝယ်ယူနေရပြီး လူတဦးသဂြိုလ်လျှင် ဒီဇယ် ၇ ဂါလံထိ ကုန်သည့်အတွက် ဖြစ်ကြောင်း၊ အမှန်တကယ်မရှိဆင်းရဲသူများကို ရပ်ကွက်ထောက်ခံချက်ပါလျှင် အခမဲ့သဂြိုလ် ပေးနေကြောင်း တုန့်ပြန်ပြောဆိုသည်။

" အခု ဒီဇယ်စျေးက တစ်ဂါလံကို ၁၂၀၀၀ နဲ့ဝယ်နေရတယ်။ လူတယောက်ကိုမီးသဂြိုလ်ဖို့ ဒီဇယ် ၇ ဂါလံကုန်ပါတယ်။ ဒီဇယ်စျေးတွေက အရင်သုံးလေးနှစ်တုန်းကလို စျေးမျိုးမဟုတ်ဘူး။ ိုစျေးကြီး ပေးပြီး ဝယ်နေရတယ်လေ။ ၈၀၀၀၀ လို့သတ်မှတ်ထားတယ်ဆိုပေမယ့်လည်း တချို့ ၄၀၀၀၀ တတ်နိုင်သူတွေဆိုလည်းသဂြိုလ်ပေးတာရှိပါတယ်။ တချို့လုံးဝ မရှိဆင်းရဲတဲ့ သူတွေဆို ရပ်ကွက် ထောက်ခံချက်တွေပါရင် ဘာမှမယူဘဲ သဂြိုလ်ပေးတာလည်းရှိတာပဲ" ဟု သူက ပြောသည်။(NN-23)

ဆက်စပ် သတင်းများ