တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မော်လမြိုင်တွင် ဓာတ်လိုက်သေသွားသည့် သားဖြစ်သူ၏အသုဘသို့သွားသော မင်းပြားမှ ဖခင်ဖြစ်သူ ယာဉ်မတော်တဆဖြစ်၍ ပွဲချင်းပြီးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 1.9k

(သားဖနှစ်ဦး၏အလောင်းကို ယနေ့တွင် မော်လမြိုင်သုသာန်၌ သင်္ဂြိုလ်မည်)


မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက ပန်းရံလုပ်ကိုင်ရင်း ဓာတ်လိုက် သေဆုံးသွားသည့် သားဖြစ်သူ ကိုစောမောင်သိန်း(၁၉ နှစ်)၏ အသုဘသို့သွားသော ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှ ဖခင်ဖြစ်သူသည် လမ်းခရီးတွင် ယာဉ်မတော်တဆဖြစ်၍ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟု သိရသည်။

သေဆုံးသွားသူများမှာ ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ မင်းဘာကြီးရပ်ကွက်မှ သားဖြစ်သူ နှင့် ဖခင်ဖြစ်သူ ဦးအထွန်း (၅၄ နှစ်)ဖြစ်သည်။

သူတို့နှစ်ဦးအနက် သားဖြစ်သူ ကိုစောမောင်သိန်းသည် ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်က မော်လမြိုင်မြို့၊ ဆီဇုံအပိုင်ရှိ ဆင်ဖြူတော်ပရိယတ္တိစာသင်တိုက်အတွင်း ပန်းရံလုပ်ကိုင်နေစဉ် ပေါက်ပြဲနေသည့် ဓာတ်ကြိုးကို မတော်တဆနင်းမိရာမှ သတိလစ်ကာ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရပြီး ယင်းနေ့တွင်ပင် ဆေးရုံ၌ သေဆုံးသွားခဲ့သည်ဟု ၄င်းတို့အရေး ကူညီဆောင်ရွက်ပေးနေသည့် မော်လမြိုင်မြို့ခံတစ်ဦးက နိရဥ္စရာကို ပြောသည်။

ယင်းနောက်တွင် မင်းပြားမြို့ရှိ ဖခင်ဖြစ်သူနှင့် မိခင်ဖြစ်သူတို့အပါအဝင် မိသားစုဝင် စုစုပေါင်း ၁ဝ ဦးတို့သည် မော်လမြိုင်မြို့သို့ မှန်လုံကားတစ်စီးငှားကာ သားဖြစ်သူ၏နာရေးသို့ ယင်းနေ့တွင် ချက်ချင်းလိုက်သွားခဲ့ကြသည်ဟု ဆိုသည်။

ယင်းသို့ သွားရောက်စဉ် ယမန်နေ့ ဇွန်လ ၂၅ ရက်တွင် နေပြည်တော်အနီး အမြန်လမ်းတစ်နေရာ၌ အခြားကားတစ်စီးဖြင့် တိုက်မိ၍ ကားခေါင်းခန်းတွင်လိုက်ပါခဲ့သည့် ဖခင်ဖြစ်သူ ဦးအထွန်းမှာ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟု ၄င်းတို့အရေး ကူညီဆောင်ရွက်ပေးနေသည့် မော်လမြိုင်မြို့ခံတစ်ဦးက ဆက်ပြောသည်။

ကားကတော့ တစ်စီးနှင့်တစ်စီး တိုက်တာပါ။ မကွေးနဲ့ နေပြည်တော်ကြားမှာလို့ ကြားသိရပါတယ်။ အခုကတော့ ကျနော်တို့ အဖေဖြစ်သူရဲ့အလောင်းကို နေပြည်တော်ဆေးရုံကြီးကနေ မော်လမြိုင်ကို ကားငှားပြီး သယ်လာပါပြီဟု ပြောသည်။

အဆိုပါယာဉ်မတော်တဆမှုကြောင့် ဖခင်ဖြစ်သူ ဦးအထွန်းနှင့်အတူ လိုက်ပါလာသူအားလုံး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ယင်းအနက် ဒဏ်ရာပြင်းထန်သူအချို့မှာ နေပြည်တော်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသည်ဟုလည်း ဆိုသည်။

သားဖနှစ်ဦးစလုံး၏အလောင်းအား ယနေ့ ဇွန်လ ၂၆ ရက်၊ ညနေ ၃ နာရီတွင် မော်လမြိုင်မြို့ရှိ ပိန္နဲကုန်းသုသာန်တွင် မီးသင်္ဂြိုလ်မည်ဟုလည်း ဆက်ပြောသည်။

သားဖြစ်သူ သေဆုံးသွားတာကို အဖေဖြစ်သူက သင်္ဂြိုလ်ဖို့ သွားတာမှာ အဖေ့ကိုလည်း သင်္ဂြိုလ်ဖို့ ဖြစ်သွားတယ်လေ။ ကိုယ့်မိသားစု အရင်းအချာမဟုတ်ပေမဲ့လည်း ဘေးက တစ်ယောက်အနေနဲ့ ပိုပြီးတော့ ပူဆွေးသောက ဖြစ်မိပါတယ်ဟု ပြောသည်။

ယခုမတော်တဆမှုဖြစ်ပွားခဲ့သည့်မိသားစုမှာ အခြေခံလက်လုပ်လက်စား မရှိဆင်းရဲသားများ ဖြစ်ကြသည်ဟုလည်း သိရသည်။

ယင်းကြောင့် လက်ရှိတွင် သားဖနှစ်ဦး၏နာရေးကိစ္စနှင့် ထိခိုက်ဒဏ်ရာရရှိသွားသူများ၏ ဆေးကုသမှု စရိတ်တို့အတွက် အလွန်တရာ ငွေကြေးအခက်အခဲများဖြစ်ပေါ်လျက်ရှိသည်ဟုလည်း ကူညီ ဆောင်ရွက်ပေးနေသူများက ပြောသည်။

ထောက်ပံ့လိုသည့်စေတနာရှင်များအနေဖြင့် ဦးဆန်းဝင်း (09 255 921 047)နှင့် ဦးညီညီစိုး (09 267 303 414)တို့ထံ ဆက်သွယ်နိုင်ကြောင်း သိရသည်။ (NN-16)

ဓာတ်ပုံ - သျှင် စိုး

ဆက်စပ် သတင်းများ