ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

တောင်ကုတ်တွင် ကြက်ခြံပိုင်ရှင်တစ်ဦးကို သတ်ဖြတ်ကာ ဆိုင်ကယ်နှင့် ဖုန်းကိုလုယူသွား


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၃၁ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 1.7k

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် ကြက်ခြံလုပ်ငန်းပိုင်ရှင်တစ်ဦးကို ညဉ့်အချိန် လမ်းတွင်သတ်ဖြတ်ကာ ဆိုင်ကယ်နှင့် ဖုန်းကို လုယူသွားမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ထိုသို့ သတ်ဖြတ်ခံရသူမှာ တောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက်၊ တာဝတိံသာလမ်းမှ ကြက်ခြံလုပ်ငန်းပိုင်ရှင်  ဦးစံသိန်းအောင် (၄၅)နှစ်ခန့်ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၃၀ ရက်တွင် ၄င်းပိုင်ကြက်ခြံသို့သွားရောက်နေသည့် ဦးစံသိန်းအောင်မှာ ည ၈ နာရီကျော်ခန့် အထိ အိမ်ကိုပြန်မရောက်လာသေး၍ ဇနီးဖြစ်သူက ဖုန်းဖြင့်ဆက်သွယ်ရာ ဖုန်းစက်ပိတ်ထားသည့် အတွက် လိုက်လံရှာဖွေခဲ့ကြသည်ဟု သိရသည်။

ယင်းသို့ရှာဖွေရာ သတ်ဖြတ်ခံထားရသည့်သူ၏အလောင်းကို ည ၉ နာရီခန့်တွင် တောင်ကုတ်တက္ကသိုလ်အနီးရှိ စစ်ဆေးရေးဂိတ်နှင့် ကိုက် ၅၀ ခန့်အကွာ၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အိမ်နီးနားချင်း အမျိုးသားတစ်ဦးက ပြောသည်။

"ပထမ သူ့မိန်းမကိုယ်တိုင် ကြက်ခြံကိုလိုက်သွားတော့ မတွေ့ဘူး။ မတွေ့တော့ မီးချောင်းထိုးက ကျေးရွာတာဝန်ရှိသူတွေကိုအကြောင်းကြားပြီး ထပ်ရှာကြတဲ့အခါမှ စစ်ဆေးရေးဂိတ်နားမှာ သတ်ခံထားရတာတွေ့တာပါ" ဟု ပြောသည်။

ဦးစံသိန်းအောင်တွင် လည်ပင်းကိုဓားဖြင့်လှီးဖြတ်ခံထားရပြီး ဝဲဘက်ရင်အုံအောက်နှင့် အထက်ဘက်တွင် ထိုးသွင်းဒဏ်ရာနှစ်ချက်နှင့် လည်ပင်းရိုး ခုတ်ထစ်ဒဏ်ရာတစ်ချက်တို့ဖြင့် သေဆုံးနေခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သူ၏ Dream 125 ဆိုင်ကယ်တစ်စီးနှင့် ဖုန်းတစ်လုံးကိုလည်း အမှုကျူးလွန်သူများက လုယက်သွားကြောင်း သိရသည်။

အဆိုပါလုယက်သတ်ဖြတ်မှုနှင့်ပတ်သက်၍ တောင်ကုတ်မြို့မရဲစခန်းမှ ရဲတာဝန်ရှိသူ တစ်ဦးကိုဆက်သွယ်မေးမြန်းရာ ဖြစ်စဉ်မှာ မှန်ကန်ကြောင်း ပြောဆိုခဲ့သည်။

အလောင်းတွေ့ရှိသည့်နေရာတွင် မိုးကာအကျႌတစ်ထည်၊ အမျိုးသားစီး အရွယ်အစား မတူသည့်ဖိနပ်နှစ်ဖက်ကို တွေ့ရှိခဲ့သည်ဟုလည်း မြို့ခံများက ပြောသည်။

ဦးစံသိန်းအောင်တွင် တောင်ကုတ်မြို့နယ်၊ မီးချောင်းထိုးကျေးရွာအလွန် တောင်ကုတ်-မအီကားလမ်းဘေး၌ ကြက်ခြံတစ်ခြံရှိပြီး ရန်မျိုးကျေးရွာတွင်လည်း ကြက်ခြံတည်ဆောက်နေသူဖြစ်ကြောင်း သိရသည်။

နောက်ထပ် တောင်ကုတ်မြို့ခံတစ်ဦးက "သူက ကြက်ခြံလည်း ပိုင်တယ်။ ပိုက်ဆံလည်းနည်းနည်း ရှိတော့ မသမာသူတွေက စောင့်နေတာလည်း ဖြစ်နိုင်ပါတယ်။ မနေ့ညကလည်း မိုးက အရမ်းရွာတော့ ကံဆိုးသွားတာပဲနေမယ်။ အခုတော့ အလောင်းက ဆေးရုံမှာလို့ကြားတယ်" ဟု ပြောသည်။

ဦးစံသိန်းအောင်မှာ နေ့စဉ် နံနက်ဘက်တွင် ၄င်းပိုင်ကြက်ခြံသို့ ဆိုင်ကယ်ဖြင့်သွားလာလေ့ရှိပြီး ညနေမိုးချုပ်လျှင် အိမ်သို့ပြန်လာလေ့ရှိသည်ဟု မြို့ခံများက ပြောသည်။

တောင်ကုတ်မြို့တွင် ဇူလိုင်လ ၂၇ ရက်၊ နေ့လယ်ပိုင်းကလည်း ရွှေဆိုင်တစ်ဆိုင်အား နေ့ခင်းကြောင်တောင်ဓားပြဝင်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး တရားခံနှစ်ဦးထဲမှ တစ်ဦးကို ရွှေထည်ပစ္စည်းများနှင့်အတူ ၆ နာရီအတွင်း ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ထိုသို့ နေ့ခင်းကြောင်တောင်ဓားပြတိုက်မှု၊ လမ်းသွားလမ်းလာလုယက်သတ်ဖြတ်မှုများလည်း မကြာခဏဖြစ်ပွားနေသည့်အတွက် မြို့ခံများအနေဖြင့်စိုးရိမ်မှုများရှိနေကြသည်ဟု ဆိုကြသည်။

ဆက်စပ် သတင်းများ