ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

တောင်ကုတ်တွင် ထင်သွားရှာစဥ် မိုင်းနင်းမိ၍ အမျိုးသား၁ ဦးနှင့်ဆယ်ကျော်သက်အရွယ်မိန်းကလေး ၁ ဦးခြေထောက်ပြတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 796

သဥ္ဇာနွယ်၊နိရဥ္စရာ၊ ဇွန် ၂၅/ ၂၀၂၄

ရခိုင်ပြည်၊တောင်ကုတ်မြို့နယ်တွင် ထင်းသွားရှာစဥ် စစ်ကောင်စီထောင်ထားသည့် မိုင်းကို နင်းမိ၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦး ခြေထောက်ပြတ်ထွက်သွားကြောင်း သတင်းရရှိသည်။

ခြေထောက်ပြတ်သွားသည့် အမျိုးသားနှင့် အမျိုးသမီးမှာ တောင်ကုတ်မြို့မတိုက်နယ်၊ ဒုံကျေးရွာမှ  အသက် ၅၀ ဝန်းကျင်အရွယ် ဦးမောင်နီနှင့် ဆယ်ကျော်သက်အရွယ် မအပုချေ တို့ ဖြစ်ကြကြောင်းသိရသည်။

၄င်းတို့သည်ယနေ့ဇွန်လ ၂၅ ရက်နေ့ နံနက် ၉ နာရီခန့်က ဒုံကျေးရွာမှ ကရုဏာဆည်ဖက်သို့ ထင်းသွားခွေစဥ်တွင် ဆည်အနီးတွင် စစ်ကောင်စီမှထောင်ထားခဲ့သည့်မိုင်းကို နင်းမိသွား၍ ခြေထောက်တစ်ဖက်ချင်းစီ ဆုံးရှုံးခဲ့ရသည်ဟု တောင်ကုတ်မြို့နယ်မှ ဒေသခံတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ရွာထဲက ထွက်လာတာက သုံးယောက်တူတူထွက်လာကြတာ။ ထင်းသွားခွေဖို့ဟင်းရှာဖို့ပေါ့။  ကရုဏာဆည်ဖက်ကိုထွက်လာတဲ့အချိန်မှာ ဆည်ရဲ့ ပတ်ပတ်လည်မှာ ထောင်တားတဲ့ စစ်ကောင်စီမိုင်းကို နင်းမိသွားကြတာပါ။ သူတို့နဲ့အတူတူပါလာတဲ့ ယောကျ်ားတစ်ယောက်က ပျောက်နေတယ်။ မိုင်းထိလား ဘာဖြစ်တာလဲဆိုတာကို အခုမနက် ၁နာရီအထိမတွေ့သေးပါဘူး” ဟုပြောသည်။

ဦးမောင်နီတွင် ညာဖက်ခြေထောက်ပြတ်ပြီး မပုချေတွင် ညာဖက်ခြေထောက် ထိခိုက်သွားပြီး နှစ်ဦးစလုံးတွင် ခြေမျက်စိအောက် ဖြတ်ထုတ်လိုက်ရပြီးနီးစပ်ရာတွင် ဆေးကုသမှုပေးနေကြောင်း တောင်ကုတ်မြို့နယ်မှ အမျိုးသားတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ နှစ်ယောက်စလုံးက ခြေမျက်စိအောက်နေ ဖြတ်ထုတ်လိုက်ရပါတယ်။ အချိန်မီ ကယ်တင်နိုင်လို့ပါ။ အခုလက်ရှိတော့ နီးစပ်ရာမှာ ကုသမှုပေးနေကြတယ်” ဟုပြောသည်။

ကရုဏာဆည်သည် တောင်ကုတ်မြို့ကို ရေပေး‌ဝေနေသည့် ဆည်တစ်ခုလည်းဖြစ်ပြီး ဒေသခံများ သွားလာမှု ရှိသည့် နေရာတစ်ခုလည်းဖြစ်ကြောင်းမြို့ခံများက ပြောသည်။

တောင်ကုတ်မြို့တွင်ကို အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လာမည်စိုးသဖြင့် စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းခြင်း၊ မြို့နယ်ကျေးရွာအနီးတဝိုက်တွင် မြှေမြှုပ်မိုင်း ထောင်ထားကြောင်း သိရသည်။

စစ်ကောင်စီသည် ဒေသခံပြည်သူများ လုပ်ကိုင်စားသောက်သည့် လယ်ယာ၊ စိုက်ခင်း၊ တောတောင်၊ ယာခင်း၊ဆည်နှင့်နေရာအနှံ့အပြားတွင် မြေမြှုပ်မိုင်းထောင်ထားသည့်အတွက် ဒေသခံများအနေဖြင့် သတိထားသွားလာကြရန် လိုအပ်သည်ဟု လူမှုရေးလှုပ်ရှားဆောင်ရွက်သူများက ပြောဆိုသည်။

ဆက်စပ် သတင်းများ