ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

တောင်ကုတ် ကုလရောင်ကမ်းခြေတွင် ခြေထောက်သံကြိုးချည်၊ လက်နောက်ပြန်ကြိုး တုပ်ခံထားရသည့် အရပ်ဝတ်ဖြင့် အမျိုးသား ၇ ဦးအလောင်းတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 5.6k

ကံ့ကော်နီနီ ၊ နိရဥ္စရာ ၊ ဇူလိုင် ၂၄ / ၂၀၂၄

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ကုလရောင်ကျေးရွာကမ်းခြေတွင် ယနေ့ နေ့လယ်က မျက်လုံး အဝတ်စဖြင့် ချည်နှောင်ပြီး ခြေထောက် သံကြိုးချည်ခံထားရကာ လက်နောက်ပြန်ကြိုး တုပ်ခံထားရသည့် အရပ်ဝတ်ဖြင့် အလောင်း ၇ လောင်းကို တွေ့ရှိခဲ့ရသိရသည်။

၎င်းအလောင်း ၇ လောင်းစလုံးမှာ အမျိုးသားအလောင်းများဖြစ်ပြီး  ကုလရောင်ကျေးရွာ ကမ်းခြေ သဲသောင်တွင်လာပါးသည်ဟု မျက်မြင်ဒေသခံများက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

ဒေသခံကျေးရွာသားတစ်ဦးက " အလောင်းတွေက အမျိုးသားတွေချည်းပဲ ခုနစ်လောင်းလာပါးနေတာ။ နေ့လယ်တစ်နာရီလောက် ကစပြီး တွေ့တာအလောင်းတွေကို။ ပွပွရောင်နေပြီအလောင်းတွေက" ဟု ပြောသည်။ 

ယနေ့ဇူလိုင်လ ၂၄ ရက်၊ နေ့လယ်တစ်နာရီ ဒီရေကျချိန်တွင် ကုလားရောင်ကမ်းခြေသောင်ခုံပေါ်တွင် အဆိုပါအလောင်းများတင်ကျန်ရစ်ခဲ့ပြီး ရွာသားများက ယူဆောင်ကာ သင်္ဂြိုလ် ပေးခဲ့ရသည်ဟု ပြောသည်။

" အလောင်းတွေကပွနေတော့ အကြာကြီးထားလို့မရဘူး။ရွာကလူတွေ သေချာသဂြိုလ်ပေးလိုက်ပါပြီ" ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါအလောင်းများထဲတွင် တချို့အလောင်းများမှာခြေထောက်များကို သံကြိုးတုပ် သော့ခတ် ထားကြောင်း၊ တချို့အလောင်းများမှာလက်နောက်ပြန်ကြိုးတုပ်ခံထားရကြောင်း၊ တချို့ အလောင်းများမှာ မျက်လုံးကိုအဝတ်စဖြင့် စည်းပိတ်ခံထားရကာ အလောင်းများ အားလုံးလိုလိုတွင် နှိပ်စက်ညှဥ်းပန်းခံထားရသည့် ဒဏ်ရာများကိုတွေ့ရကြောင်း မျက်မြင် ဒေသခံတစ်ဦးက ပြောသည်။

" ခြေထောက်မှာ သံကြိုးတပ်သော့ခတ်ထားတဲ့အလောင်းလည်းပါတယ်။ လက်နောက်ပြန် ကြိုး တုပ်ခံထားရတာလည်းပါတယ်။ မျက်လုံးကိုအဝတ်စနဲ့ ချည်ခံထားရတဲ့အလောင်းလည်းပါတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ ဒဏ်ရာတွေချည်းပဲ။ မသေခင်မှာအတော်လေး နှိပ်စက် ခံထားရပုံပေါ်တယ်" ဟု နိရဥ္စရာသတင်းဌာနသို့ပြောသည်။

အဆိုပါအလောင်းများ မည်သည့်နေရာမှ မျောပါလာသည်ကို လတ်တလောတွင် နိရဥ္စရာအနေဖြင့် အတည် မပြုနိုင်သေးဘဲ ဆက်လက်စုံစမ်းနေသည်။

လက်ရှိအလောင်းများတွေ့သည့် ကုလရောင်အပါအဝင် အနီးအနား ပန်းတင်တိုက်နယ်ကျေးရွာများတွင် ဖုန်းလိုင်းအင်တာနက်လိုင်းများ ပြတ်တောက်နေ၍ အလောင်းဓာတ်ပုံများကို နိရဥ္စရာအနေဖြင့် မဖော်ပြနိုင်သေးပေ။

ပုံစာ- ၂၀၂၃ ခုနှစ် မိုးတွင်းက ကုလရောင်ကမ်းခြေတစ်နေရာကို တွေ့ရစဉ်

ဆက်စပ် သတင်းများ