တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

အမ်းမြို့သို့ ပို့ဆောင်မည့် စစ်ကောင်စီ၏ ရိက္ခာတင်ကားများကို အာရက္ခတပ်တော်က ခွင့်ပြုမှ အမ်းမြို့ပေါ်သို့ ရောက်ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 9.8k

(လက်နက်တင်ဆောင်လာသည့်  ကားများကိုမူ အာရက္ခတပ်တော်က သိမ်းဆည်း) 

သဉ္ဇာနွယ်

နိရဉ္စရာ၊ မေ ၄/ ၂၀၂၄

ရခိုင်ပြည်၊ အမ်းမြို့သို့ ပို့ဆောင်မည့် စစ်ကောင်စီ၏ စားနပ်ရိက္ခာကားများကို အာရက္ခတပ်တော်က ခွင့်ပြုချက်ပေးမှ မြို့ပေါ်သို့ ရောက်ရှိလာကြောင်း သတင်းရရှိသည်။

အမ်းမြို့သို့ ပို့ဆောင်မည့် စစ်ကောင်စီ ရိက္ခာကား(၂၀) ကျော်ကို အာရက္ခတပ်တော်မှ သွားခွင့်ပြုလိုက်သည့်အတွက် မေလ ၂ ရက်နေ့ ည ၇ နာရီကျော်လောက်က အမ်းမြို့သို့ ရောက်ရှိလာသည်ဟု အာရက္ခတပ်တော်နှင့်နီးစပ်သည့် အရာရှိတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

“ စစ်ကောင်စီဖက်က ရိက္ခာကား ကုန်တင်ကားတွေကို  ကမြင်းကန်ဖက်အရောက်မှာ အာရက္ခတပ်တော်က သွားခွင့်မပြုဘူးလို့ ဟန့်တားခဲ့တယ်။ ဒါပေမယ့် မေ လ ၂ ရက်နေ့က ဆန်ကားတွေကိုတော့ သွားခွင့်ပြုလိုက်ပါတယ်။ စီးပွားရေးသမားတွေရဲ့ ဆန်ကားလည်းပါတယ်။ ပြည်သူတွေကို ငှဲ့ညာလို့ လွတ်ပေးလိုက်တယ်” ဟု ပြောသည်။

ရိက္ခာကားများနှင့် အတူပါလာသည့် လက်နက်ခဲယမ်းတင်ဆောင်လာသည့် ကားများနှင့် ကားပေါ်တွင်ပါလာသည့် သူများ ကို အာရက္ခတပ်တော်က ဖမ်းဆီး ထိန်းသိမ်းထားလိုက်ပြီဟု ၄င်းကပြောသည်။

“ ဆန်ကားတွေကို လွှတ်ပေးပြီးတော့ လက်နက်တင်ဆောင်လာတဲ့ကားတွေ အကုန်လုံးကို အာရက္ခတပ်တော်က သိမ်းလိုက်တယ်။ လက်နက်တင်ဆောင်လာတဲ့ ကားကိုမောင်းလာတဲ့သူကိုရော ကားပေါ်မှာပါတဲ့လူတွေရော ဖမ်းထားတယ်” ဟုပြောသည်။

အမ်းမြို့ပေါ်သို့ ဆန်ကားများရောက်ရှိလာသည့်အတွက် လူတစ်ဦးလျှင် ဆန်တစ်ပြည်နူန်းဖြင့် ရောင်းချပေးမည်ဖြစ်ပြီး တခြားကုန်ခြောက်ပစ္စည်းများကိုလည်း ရောင်းချပေးမည်ဆိုသည့် သတင်းများထွက်ပေါ်နေသည်ဟု အမ်းမြို့ပေါ်မှ အမျိုးသမီးတစ်ဦးက နိရဉ္စရာ သတင်းဌာနကိုပြောသည်။

“ တစ်ယောက်ကို ဆန်တစ်ပြည်စီ ရောင်းပေးမယ်လို့ကြားနေတာပဲ။ ရောင်းပေးတော့လည်းကောင်းတာပေါ့ တခြားကုန်ပစ္စည်းတွေလည်းရောင်းပေးမယ်ကြားတယ်။ ဒီနေ့ မနက်အထိတော့ မရောင်းသေးဘူး” ဟုပြောသည်။

ယမန်နေ့ မတ်လ ၃ ရက်နေ့ ည နေပိုင်းတွင် အမ်းမြို့နယ် မဲလက်မောင်းကျေးရွာအနီးတွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ရင်းများမှ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်သံကြားများကို ကြားရသည်ဟု အမ်းဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မေလ ၂ ရက်နေ့ကလည်းအမ်းမြို့သို့ ရောက်ရှိလာမည့် စစ်ကောင်စီ၏ ရိက္ခာကားများကို ကြိုဆိုရန် စစ်ကောင်စီက ခန့်အပ်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့သူမြို့သားများကို စည်းရုံးသိမ်းသွင်းခဲ့သဖြင့် မြို့သို့မြို့သားများမှ နံနက် ၇ နာရီမှ ညနေ ၇ နာရီအထိ ပဲပဒုံစစ်ဆေးရေးဂိတ်တွင် သွားကြိုနေခဲ့ရကြောင်း သွားကြိုခဲ့သည့် အမျိုးသမီးတစ်ဦးကပြောသည်။

ဆက်စပ် သတင်းများ