- Web Master
- ၁၇ အောက်တိုဘာ ၂၀၂၄
(၄င်း၏အရှိန်ကြောင့် ရခိုင်တွင် နေရာကွက်၍ မိုးကြီးမည်)
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့နေ့လယ်တွင် ထုတ်ပြန်ထားသည်။ယနေ့ စက်တင်ဘာလ ၁၃ ရက်၊ နေ့လယ် ၁ နာရီခွဲအချိန်တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတို့တွင် ဆက်လက်တည်ရှိနေသည်ဟု မိုး/ဇလ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
"အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ပြီး နောက်(၄၈)နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ် တောင်ပိုင်းကမ်းခြေကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်"ဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။
အဆိုပါလေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် စစ်တွေအပါအဝင် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့အချို့တွင် မိုးသည်းထန်စွာရွာသွန်းလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။
မနက်ဖြန်နံနက်အထိ ရခိုင်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟုလည်း မိုး/ဇက ထုတ်ပြန်ထားသည်။ (NN-16)
ဓာတ်ပုံ - မိုး/ဇလ