ရခိုင်ပြည်နယ်ရှိ စစ်တွေအပါအဝင်
မြို့နယ် ၁ဝ ခုတွင် အောက်တိုဘာလ ၁ ရက်၊ နံနက် ၁ဝ နာရီမှ ညနေ ၅ နာရီအထိ
လျှပ်စစ်မီး ပြတ်တောက် သွားမည်ဖြစ်ကြောင်း ပြည်နယ်လျှပ်စစ်ရုံးက ကြေညာထားသည်။
လျှပ်စစ်မီးပြတ်တောက်မည့်မြို့များမှာ
စစ်တွေ၊ ပုဏ္ဏားကျွန်း၊
ရသေ့တောင်၊ ပေါက်တော၊ မောင်တော၊ ဘူးသီးတောင်၊ မြောက်ဦး၊ ကျောက်တော်၊
မင်းပြားနှင့် မြေပုံမြို့နယ်များဖြစ်သည်။
မဟာဓာတ်အားလိုင်းမှူးရုံး(အမ်း)၏
အမ်းစခန်း၊ မြောက်ဦးစခန်း၊ ပုဏ္ဏားကျွန်းစခန်းများမှ တာဝန်ထိန်းသိမ်းရသော ၂၃ဝ
ကေဗွီ အမ်း-မြောက်ဦး-ပုဏ္ဏားကျွန်းဓာတ်အားလိုင်းအား ယင်းနေ့ ယင်းအချိန်တွင်
ဓာတ်အားပိတ်သိမ်း၍ လိုင်းထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်မည်ဟု
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မဟာဓာတ်အားလိုင်းမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက
"အမ်း မဟာဓာတ်အားလိုင်းရုံး ပြုပြင်မှာပါ။ အဲဒါကြောင့် စစ်တွေအပါဝင် ရခိုင်က
မြို့တချို့ကို မီးဖြတ်မှာပါ" ဟု ပြောသည်။
ဓာတ်အားပြတ်တောက်နေချိန်အတွင်း
ဒေသခံများ၏ လူမှုရေး၊ စီးပွားရေးအခက်အခဲများ ဖြစ်ပေါ်ခဲ့ပါက
နားလည်သည်းခံပေးကြရန်လည်း ထုတ်ပြန်ချက်တွင် မေတ္တာရပ်ခံထားသည်။
ယခုမီးပြတ်တောက်မည့်မြို့နယ်များမှာ
မိုခါမုန်တိုင်းသင့်ဒေသများဖြစ်ပြီး မုန်တိုင်းပြီးနောက်
မြို့နှင့် ဝေးသည့်ကျေးရွာအများအပြားတွင် ယခုအချိန်ထိ လျှပ်စစ်မီးမရရှိသေးကြောင်း
ဒေသခံများက ပြောကြသည်။