- Web Master
- ၁၇ အောက်တိုဘာ ၂၀၂၄
လူထက်နိုင်(ဒွာရာမြီ)/ နိရဉ္စရာ ၊ မတ် ၂၀ /၂၀၂၄
စစ်ကောင်စီ၏ ရခိုင်အခြေစိုက် အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး ရာထူးမှ ဖယ်ရှားရခံပြီး အရန်အင်အားသို့ ပြောင်းရွှေခံရကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
ရခိုင်စစ်မျက်နှာတွင် မြို့နယ် ၉ ခုထိ ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရပြီးနောက် စစ်ကောင်စီသည် ရခိုင်မှ အရေးကြီးသည့် စစ်ရာထူးတာဝန်ကို အပြောင်းအလဲပြုလိုက်သည်ဟု စစ်ရေးလေ့လာသူများက ပြောသည်။
ဗိုလ်ချုပ်ထင်လတ်ဦးနေရာတွင် တပ်မ (၇၇) တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ဟန် (စတသ ၄၁) အား အစားထိုးခန့် အပ်လိုက်သည်ဟု သိရသည်။
ရက္ခိုင့်တပ်တော်( AA)ထံ စစ်ရှုံးနေမှုနှင့်ပတ်သက်ပြီး တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် စကားများ ထိုးကြိတ်ခဲ့သည့် စစ်တွေဒကစမှူး ဗိုလ်မှူးချုပ် မျိုးမင်းလတ်ကိုလည်း ရာထူးတာဝန်မှ ဖယ်ရှားပြီး အရန်အင်အားပို့လိုက်ပြီဖြစ်ကြောင်း သိရသည်။ဒ
" မနေ့က ညပိုင်းလောက်ကတည်းက သတင်းကရတယ်။အရန်အင်အားကို ပြောင်းလိုက်တာ။ ဘယ်သူ့ကို အစားထိုးမယ် ဆိုတာတော့ အသေးစိတ်ပြောလို့မရတာ” ဟု စစ်တပ်နှင့်ရင်းနှီးသော သတင်းအရင်းအမြစ်တစ်ဦးကပြောသည်။
၇၇ တပ်မမှူး ဗိုလ်မှူးချုပ်ကျော်ကျော်ဟန်အား ဗိုလ်ချုပ်ထင်လတ်ဦးနေရာတွင် အစားထိုးခန့် အပ်မည်ဟု သတင်းများထွက်ပေါ်နေသကဲ့သို့ ဗိုလ်မှူးချုပ် နေမျိုးအောင်အား စစ်တွေဒကစမှူး ဗိုလ်မှူးချုပ် မျိုးမင်းလတ်နေရာတွင် အစားထိုးခန့်အပ်သည်ဟုလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
ရခိုင်ပြည်နယ်တွင် စစ်ရေးအရ အကြီးအကျယ်
ရှုံးနိမ့်နေမှုနှင့်
CDM ဗိုလ်ကြီးဇင်ယော်က ရခိုင်တိုင်းမှူး အပြောင်းအလဲနှင့် ပတ်သက်ပြီး လူမှုကွန်ရက်တွင် မတ်လ ၂၀ ရက်နေ့က ယခုလို ရေးသားထားသည်။
“ သတင်းဌာနတစ်ခုနဲ့ ရခိုင်အကြောင်း အင်တာဗျူးဖြေနေတုန်း "နပခတိုင်းမှူးကို မအလ ချိန်းတော့မယ် ထင်တယ်" လို့အင်တာဗျူးလည်း ဖြေပြီးရော အတွင်းသတင်း ရောက်လာတယ်။"
"ဆရာရေ နပခတိုင်းမှူး ပလုံသွားပြီဗျို့"ဆိုပြီး။”
“အသစ်ရောက်လာတဲ့ ၇၇ တပ်မမှူး ဘာလုပ်မလဲ ကြည့်ရမယ်။ ကံဆိုးမယ်လို့ ပြောရမယ်။ဘာလို့လဲ ဆိုတော့ AA ခေါင်းပေါင်းဟာ ကူမင်းကအပြန် ကျောက်ဖြူကို ထပ်ပြီးရအောင်ယူဖို့ များတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်မှ လူမှုကွန်ရက်တွင် မတ်လ ၂၀ ရက်နေ့က ရေးသားထားသည်။
ဗိုလ်ချုပ်ထင်လတ်ဦးသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၅ ကျောင်းဆင်းဖြစ်ပြီး စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေရာမှ ၂၀၂၀ ခုနှစ်၊ ဩဂုတ်လတွင် ရခိုင်ပြည်နယ်တိုင်းမှူး အဖြစ် ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။