- Web Master
- ၁၇ အောက်တိုဘာ ၂၀၂၄
ကြိုင်ဟိန်းလင်/ နိရဉ္စရာ၊ ဧပြီ ၁၃ / ၂၀၂၄
ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းတချို့တွင် နိုင်ငံနှင့် ပြည်တွင်း၊ ပြည်ပ အလှူများ မရရှိသည့်အတွက် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်ဟု သိရှိရသည်။
တချို့ကျေးရွာများတွင် ခိုလှုံနေကြသည့် စစ်ရှောင်များအနေဖြင့် ထမင်းတစ်နပ်စာဆန်ကို နှစ်နပ်စာအဖြစ် နံနက်နှင့် ညနေ ချက်ပြုတ်စားသောက်ခဲ့ရသည့် ရက်များလည်း ရှိသည်ဟု မင်းပြားမြို့နယ်က စစ်ဘေးရှောင်စခန်း တာဝန်ရှိသူတစ်ယောက်က ပြောသည်။
" စားဝတ်နေရေးက အရမ်းကျပ်တည်းတယ်။ အဲလိုမျိုး မရှိတော့ ထမင်တွေ ငတ်ကြရတဲ့ သူတွေလည်းရှိတယ်။ ထမင်းမချက်ရဘူး။ တစ်နပ်စာကို နှစ်နပ်စာလုပ်ပြီးတော့ စားရတဲ့သူတွေလည်း ရှိတယ်" ဟု ပြောသည်။
ထိုသို့ အခက်အခဲကျရောက်ပြီးနောက် လက်ရှိတွင် အဖွဲ့အစည်းတစ်ခုက လူတစ်ယောက်ကို ငွေ ခြောက်သောင်းလောက် လာရောက် ကူညီထောက်ပံ့ပေးသဖြင့် တလောလောဆယ် အဆင်ပြေနေသည်ဟု ဆိုသည်။
စစ်ဘေးရှောင်များအနေဖြင့် သူတစ်ပါးထံမှ အကူအညီကို မလိုချင်သော်လည်း လုပ်ကိုင်ရန် အလုပ်အကိုင်လည်း မရှိသဖြင့် အခက်တွေ့နေရကြောင်း၊ မိုးရာသီတွင် ပိုမိုအခက်အခဲကျရောက်နိုင်၍ စိုးရိမ်မိကြောင်း ၎င်းကဆက်ပြောသည်။
ထို့အပြင် စစ်ဘေးရှောင်များမှာ တာပေါ်လင်စအောက်မှာသာ နေထိုင်ရသည့်အတွက် ကျန်းမာရေး အတွက်လည်း စိုးရိမ်ရသလို သောက်သုံးရေများလည်း ရှားပါးလာနေသည်ဟု သိရသည်။
အဆိုပါ စစ်ဘေးရှောင်စခန်းတွင် ပေါက်တောမြို့က ပြောင်းရွှေ့လာသည့် စစ်ဘေးရှောင်ဦးရေ ၂၀၀၀ ကျော်အထိရှိသည်ဟု သိရှိရသည်။
(လုံခြုံရေးအရ ရွာနာမည်အား မဖော်ပြလိုက်ပါ) (ဓာတ်ပုံ- လက်ရှိ ရခိုင်စစ်ဘေးရှောင်များ၏ ဘ၀ အခြေအနေ)