သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်အတွက် ဂျပန်က လှူထားသည့် ကစ္ဆပနဒီ(၂)သင်္ဘော အရှုံးပေါ်၍ ပိတ်သိမ်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 10k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇွန် ၁၄/ ၂ဝ၂၁
ရခိုင်ပြည်နယ်တွင်ပြေးဆွဲနိုင်ရန် ဂျပန်နိုင်ငံက လှူဒါန်းထားသည့် ကစ္ဆပနဒီ(၂) သင်္ဘောကို ခရီးသည်မရသဖြင့် အရှုံးပေါ်၍ ပိတ်သိမ်းလိုက်ပြီဟု သတင်းရရှိသည်။
ကျောက်ဖြူ-တောင်ကုတ်မြို့သို့ ပြေးဆွဲခဲ့သည့် အဆိုပါ ကစ္ဆပနဒီ(၂)သင်္ဘောကို ယခုနှစ်၊ မေလအတွင်းမှစ၍ ပြေးဆွဲနိုင်ခြင်းမရှိတော့ကြောင်း ရခိုင်ပြည်နယ် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးအောင်လင်းက ပြောသည်။
“စီးပွားရေးတွက်ခြေက လုံးဝမကိုက်ဘူး။ ခရီးသည်ပါလည်း တစ်ယောက်နှစ်ယောက်ပဲပါတယ်။ ကျွန်တော်တို့ ခါလီကြီးမောင်းနေရသလိုဖြစ်နေတဲ့အတွက် ကျွန်တော်တို့က ပြည်ထောင်စုဝန်ကြီးကိုတင်ပြပြီးတော့ အဲဒီခရီးလမ်းကို ယာယီပိတ်သိမ်းတာပါ။”ဟုပြောသည်။
ဒေသခံများကမူ အစိုးရသင်္ဘောဖြစ်သည့် အဆိုပါသင်္ဘောကို ပြန်လည်ပြေးဆွဲစေလိုကြောင်း တောင်းဆိုကြသည်။
ကျောက်ဖြူမြို့ခံ လူမှုရေးလှုပ်ရှားသူ လူငယ်တစ်ဦးဖြစ်သည့် ကိုမင်းဇအောင်က “ အစိုးရသင်္ဘောနဲ့ ပုဂ္ဂလိက သင်္ဘောက မတူဘူူး။ အစိုးရသင်္ဘောက စျေးနှုန်းလည်းသက်သာတယ်။ ပြီးတော့ ကစ္ဆပနဒီသင်္ဘောတွေက အသစ်တွေလည်းဖြစ်တော့ စီးရတာသန့်တယ်။ ခရီးသည်မရလို့ မဆွဲရဘူးဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ အဲဒီလိုဆိုရင် ပုဂ္ဂလိက ရြွှေုပည်တန်သင်္ဘောကရော ဘာလို့ဆွဲနိုင်လဲဗျာ။ အရင်လိုနှစ်ရက်သုံးရက်မပြေးဆွဲပေးနိုင်ဘူး။ တစ်ပတ်မှာတစ်ရက်ပဲ ပြေးဆွဲမယ်ဆိုရင်တောင် ခရီးသည်တွေအတွက်ရော သူတို့အတွက်လည်း အဆင်ပြေမှာပါ။ ဂျပန်ကလှူထားတာဆိုတော့ ဒီတိုင်းထားရင် ဘာအကျိုးရှိမလဲနော်။” ဟု ပြောသည်။
ယခုရပ်နားလိုက်သည့် ကစ္ဆပနဒီ(၂)သင်္ဘောသည် ရခိုင်ကမ်းရိုးတန်းတွင်ပြေးဆွဲနိုင်ရန် ဂျပန်နိုင်ငံကလှူဒါန်းထားသည့် ကစ္ဆပနဒီ(၁)၊ ကစ္ဆပနဒီ(၂)နှင့် ကစ္ဆပနဒီ(၃)တွင် တစ်စင်းအပါအဝင်ဖြစ်သည်။
လက်ရှိတွင် စစ်တွေ-မြေပုံ-ကျောက်ဖြူသို့ပြေးဆွဲနေသည့် ကစ္ဆပနဒီ(၁)မှာလည်း ယခုနှစ်၊ မေလ နောက်ဆုံးအပတ်က ပန်ကာအထိမ်းနှင့် ဒေါက်ပျက်သွားသဖြင့် ပြုပြင်နေရသည့်အတွက် ပြေးဆွဲနိုင်ခြင်းမရှိပေ။
အလားတူ စစ်တွေ-ကျောက်ဖြူသို့ပြေးဆွဲပေးနေသည့် ကစ္ဆပနဒီ(၃)မှာလည်း မိုးလေဝသအခြေအနေကြောင့် ပွင်းလင်းရာသီရောက်သည်အထိ ရပ်နားထားရသည်ဟု ရခိုင်ပြည်နယ် ပြည်တွင်းရေကြောင်းပို့ဆောင်ရးညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးအောင်လင်းက ဆက်ပြောသည်။
“ကစ္ဆပနဒီ(၁)ကို ကျင်းတင်ပြီးတော့ အဲဒီပန်ကာကို ပြင်မှာ ဇူလိုင်လ ၁၅ ရက်နေ့လောက်မှာပြီးမယ်။ အဲဒီအခါကျမှ စစ်တွေ-မြေပုံ- ကျောက်ဖြူ ခရီးလမ်းပြန်ဆွဲမယ်။ ကစ္ဆပနဒီ(၃)ကတော့ မိုးကုန်ပြီဆိုတော့မှ ပွင့်လင်းရာသီရောက်မှပြန်ဆွဲမယ်။” ဟုပြောသည်။
ရခိုင်တွင် ၂ဝ၁၅ ခုနှစ်က လူပေါင်း ရာနှင့်ချီသေဆုံးမှုဖြစ်ပေါ်စေခဲ့သည့် အောင်တံခွန်(၃)သင်္ဘောနစ်မြုပ်မှုအပြီးတွင် ဂျပန်နိုင်ငံက ရခိုင်ကမ်းရိုးတန်းတွင်ပြေးဆွဲနိုင်ရန် ကစ္ဆပနဒီ(၁)၊ ကစ္ဆပနဒီ(၂)နှင့် ကစ္ဆပနဒီ(၃)ကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ သင်္ဘောသုံးစင်းအနက် (၁)နှင့် (၂)မှာ ရခိုင်ပြည်နယ်သို့ ၂ဝ၁၇ ခုနှစ်တွင်ရောက်ရှိခဲ့ပြီး ကစ္ဆပနဒီ(၃)မှာ ၂ဝ၁၉ ခုနှစ် မတ်လတွင် ရောက်ရှိခဲ့ခြင်းဖြစ်သည်။
အောင်တံခွန်(၃)သင်္ဘောသည် ၂ဝ၁၅ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ ည ၈ နာရီဝန်းကျင်တွင် မြေပုံမြို့နယ်၊ ငပသုန်ကျွန်းနှင့် မြောက်ကျွိန်ကျွန်းအနီး၌ ဝမ်းဗိုက်ပေါက်ပြီး ရေဝင်ခဲ့ရာမှ နစ်မြှုပ်သွားခဲ့ခြင်းဖြစ်သည်။ သင်္ဘောကြံ့ခိုင်မှုအားနည်းသလို သတ်မှတ်ဦးရေထက် ခရီးသည် ပိုမိုတင်ဆောင်ခဲ့ခြင်းနှင့် ကုန်ပစ္စည်းများကို အဆမတန်တင်ဆောင်ခဲ့သည့်အတွက် ယခုကဲ့သို့ နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ