တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ်ရှိ သင်္ဘောဆိပ်၂ ခုတွင် ဆိပ်ခံတံတားများမရှိ၍ ခရီးသည်များ အသက်အန္တရာယ်စိုးရိမ်စရာဖြစ်နေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.4k

ထက်အောင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၉ / ၂ဝ၂၁
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ စဖိုကျွန်းနှင့် အိုးဖောက်ကျေးရွာတို့တွင် ဆိပ်ခံတံတားများ ပြိုပျက်စီးသွားပြီးနောက် သင်္ဘောများနှင့် အမြန်ရေယာဉ်များသည် ရေလယ်တွင်ရပ်နားနေကြရသည့်အတွက် ခရီးသည်များတွင် အခက်အခဲများဖြစ်ပေါ်နေကြောင်း သိရသည်။
စဖိုကျွန်းကျေးရွာနှင့် အိုးဖောက်ကျေးရွာတို့တွင် သင်္ဘောဆိုက်ကပ်ရန် သစ်သားဆိပ်ခံတံတားများရှိခဲ့သော်လည်း ယခုအခါ ပျက်စီးယိုယွင်းသွားပြီဖြစ်သည့်အတွက် သင်္ဘောများနှင့် အမြန်ရေယာဉ်များသည် မြစ်လယ်တွင် ရပ်နားနေရပြီး ခရီးသည်များလည်း ကူးတို့ကူး၍သွားလာနေကြရသည်ဟု ဒေသခံများက ပြောသည်။
အိုးဖောက်ရွာမှ ဦးကျော်ဝင်းက“သင်္ဘောဆိပ်က ပြိုပျက်သွားတာကြာပါပြီ။ သင်္ဘောလာပြီဆိုရင် မြစ်အလယ်မှာ ရပ်ပေးတာရှိတယ်။ ခရီးသည်တွေကို သင်္ဘောဆီသို့ လှေနဲ့ လိုက်ပို့ရတယ်” ဟု ပြောသည်။
ခရီးသည်များသည် သင်္ဘောများရပ်နားသည့် မြစ်လယ်သို့ လှေများ၊ စက်တပ်လှေငယ်များနှင့် သမ္ဗာန်များဖြင့်သွားလာနေရသည့်အတွက် အသက်အန္တရယ်အတွက်လည်း စိုးရိမ်စရာဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။
စဖိုကျွန်းရွာမှ ဦးကျော်အေးမောင်က “အမျိုးသမီးတွေ၊ ကလေးတွေဆိုရင် သင်္ဘောဆီကို လှေနဲ့လိုက်ပို့တဲ့အခါ မလိုက်ရဲတာတွေရှိတယ်။ အန္တရာယ်များပါတယ်”ဟု ပြောသည်
ယင်းအပြင် မြစ်လယ်သို့ စက်တပ်လှေငယ်များနှင့် သမ္ဗာန်များဖြင့် သွားလာရာတွင် ခရီးသည်တစ်ဦးလျှင် အသွား ၅ဝဝ ကျပ်နှင့် အပြန် ၅ဝဝ ကျပ်ပေးနေရသည့်အတွက် ငွေကုန်ကြေးကျလည်း များနေကြသည်ဟု ဒေသခံများက ပြောသည်။
ယင်းရွာများရှိ ဆိပ်ခံတံတားများမှာ ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်၊ နှစ်ကုန်ပိုင်းခန့်မှစ၍ ဒေသမတည်ငြိမ်မှုကြောင့် စစ်တွေမှ ဘူးသီးတောင်သို့ သင်္ဘောပြေးဆွဲမှု ပုံမှန်မရှိခဲ့ခြင်းကြောင့် ဆိပ်ခံတံတားများသည်လည်း အသုံးပြုသူနည်းပါးသွားခဲ့သည့်အတွက် ပြိုပျက်စီးသွားခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အိုးဖောက်ရွာနှင့် စဖိုကျွန်းရွာတို့ရှိ ဆိပ်ခံတံတားများကို အနီးပတ်ဝန်းကျင်မှကျေးရွာများအပါအဝင် ရသေ့တောင်မြို့နယ်မှ ကျေးရွာများ၊ စုစုပေါင်း ကျေးရွာပေါင်း ၆ဝ ခန့်မှ ခရီးသည်များက အသုံးပြုကာ စစ်တွေ-ဘူးသီးတောင်-ရသေ့တောင်သို့ ကူးသန်းသွားလာကြရသည်ဟု သိရသည်။
စဖိုကျွန်းရွာမှ ဦးကျော်အေးမောင်က “လိုအပ်တဲ့ဆိပ်ကမ်းကတော့ သင်္ဘောတွေ ဆိုက်ကပ်ဖို့ အဆင့်မီမီလေးဆိုရင် ကောင်းပါတယ်။ ရသေ့တောင်မြို့မှာလိုမျိုး ကွန်ကရစ်ဆိပ်ကမ်းဆိုရင် ပိုကောင်းပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ပြည်တွင်းရေကြောင်းသင်္ဘောသည် စစ်တွေ-ဘူးသီးတောင်ခရီးစဉ်ကို တစ်ပတ်လျှင် ၂ ရက်ခန့်သာပြေးဆွဲနေသည်ဟု ဒေသခံများက ပြောသည်။
ရွှေပြည်တန်အမြန်ရေယာဉ်မှာမူ တစ်ပတ်လျှင် သုံးရက်စီပြေးဆွဲပြီး ထိုရွာများမှ လိုက်ပါလိုသည့် ခရီးသည်များအနေဖြင့် ကူးတို့လှေများမှတဆင့် အမြန်ရေယာဉ်သို့ ခက်ခက်ခဲခဲတက်ကြရကြောင်း ရွှေပြည်တန်မန်နေဂျာ ဦးစံမော်သိန်းက ပြောသည်။
“ အဲဒီမှာက ဆိပ်ကပ်နိုင်လောက်တဲ့ ဆိပ်ခံတံတားမရှိတော့ ကူးတို့လှေကပဲတဆင့် ရွှေပြည်တန်ပေါ်ကို အတက်အဆင်းလုပ်ကြရတယ်” ဟု ပြောသည်။
သင်္ဘောခရီးစဉ်တစ်ခုလျှင် ၎င်းရွာများရှိ ဆိပ်ကမ်းတစ်ခုစီမှ ခရီးသည်ဦးရေ ၄ဝ ခန့်လိုက်ပါကြ၍ လက်ရှိတွင် သင်္ဘောဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတားများဆောက်လုပ်ပေးရန် ဒေသခံများလိုလားနေကြောင်း သိရသည်။
ဓာတ်ပုံ - သင်္ဘောပေါ်သို့ ခရီးသည်များ ခက်ခက်ခဲခဲသွားလာနေရပုံနှင့် စဖိုကျွန်းကျေးရွာရှိ ယာယီပြုလုပ်ထားသည့်ဆိပ်ခံတံတားငယ်အား တွေ့ရစဉ်။

ဆက်စပ် သတင်းများ