တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ကျောက်တော်နှင့် ပလက်ဝအကြား တစ်ပတ်လျှင် တစ်ရက်အစိုးရရေယာဉ်ပြေးဆွဲမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 300

ထက်အောင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၀/ ၂၀၂၁
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ ချင်းပြည်နယ် ပလက်ဝမြို့သို့ ယခု ဒီဇင်ဘာလ လကုန်ပိုင်းတွင် ဇက်ရေယာဉ်ဖြင့် တစ်ပတ်လျှင် တစ်ရက် ပြေးဆွဲသွားမည်ဟု သိရသည်။
ယင်းသို့ပြေးဆွဲရာတွင် ခရီးသည်များနှင့် ကုန်ပစ္စည်းများအတွက် စျေးနှုန်းမည်မျှကောက်ခံမည်ဆိုသည်ကို မသိရသေးဟု ရခိုင်ပြည်နယ်ကောင်စီမှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ပြည်နယ်ရဲမှူးကြီးသက်လွင်က နိရဥ္စရာကိုပြောသည်။
“ပြည်တွင်းရေကြောင်းက ဇက်ရေယာဉ်နဲ့နေပြီးတော့ ကျောက်တော်ကနေ ပလက်ဝသို့ တစ်ပတ်မှာ တစ်ရက်ပြေးဆွဲဖို့ လုပ်နေတယ်။ ဒီလကုန်လောက်ကို ပြေးဆွဲဖို့လုပ်နေတယ်”ဟု ပြောသည်။
ကျောက်တော်နှင့် ပလက်ဝသို့ကုန်စည်စီးဆင်းမှုလွယ်ကူမြန်ဆန်စေရန် ယခုကဲ့သို့စီစဉ်ရခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
ဒေသခံများ၏အပြောအရ လက်ရှိတွင် ကျောက်တော်-ပလက်ဝရေကြောင်းလမ်းကို အာဏာပိုင်များက သွားလာခွင့်ပိတ်ထားသည့်အတွက် ပလက်ဝမြို့တွင် ကုန်စျေးနှုန်းများနှင့် ကုန်များသယ်ယူပို့ဆောင်ခများ အဆမတန်စျေးမြင့်တက်နေသည်ဟု သိရသည်။
ပလက်ဝမြို့တွင် ဒီဇယ်နှင့် အောက်တိန်း (92) ၁ လီတာကို ကျပ် ၂,၅၀၀ ကျပ်၊ ၁ ဂါလံကို ကျပ် ၉ ထောင်၊ ရေနံဆီ ၁ လီတာကို ကျပ် ၂ ထောင်၊ ၁ ဂါလံကို ကျပ် ၈ ထောင်ခန့်အထိဖြစ်နေကြောင်း သုံးစွဲသူများက ပြောသည်။
ယင်းအပြင် ပလက်ဝမှ ကျောက်တော်သို့ ရေကြောင်းသွားလာရာတွင်လည်း ကုန်တင်စက်လှေများသည် တစ်လ၊ နှစ်လခန့်တွင်မှ တစ်ကြိမ်သာ သွားလာခွင့်ရပြီး ကုန်ပစ္စည်း အထုပ်ငယ်တစ်ထုပ်တင်လျှင် ကျပ် ၅ ထောင်ကျပ်နှင့် အထုပ်ကြီးလျှင် ကျပ် ၁ သောင်းပေးရကြောင်း ပလက်ဝမြို့ခံများက ပြောသည်။
ပလက်ဝမြို့ပေါ်မှ တည်းခိုခန်းပိုင်ရှင်တစ်ဦးက “ပလက်ဝနဲ့ ကျောက်တော် သွားလမ်းကြောင်းတွေ သွားလာခွင့်လည်း မရသေးပါဘူး။ သူတို့နဲ့ သင့်မြတ်တဲ့လူတွေပဲ သွားလို့ရတာ။ တရားဝင်မဖွင့်သေးဘူး” ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ပလက်ဝမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းထွန်းဝင်းကိုဆက်သွယ်မေးမြန်းရာ သူက ကျောက်တော်-ပလက်ဝရေလမ်းကို ပိတ်ထားခြင်းမရှိဟု နိရဥ္စရာကို ပြောသည်။
“ကျနော်တို့ကိုတော့ ဘာမှ ညွှန်ကြားထားတာမရှိပါဘူး။ ပိတ်ပါလို့လည်းပြောတာမရှိဘူး။ အဲဒါက တပ်နဲ့ ထွေအုပ်ပဲ သိလိမ့်မယ်။ ဖွင့်ပါလို့လည်း ပြောတာမရှိဘူး။ ဒီတိုင်း သွားနေကြတာပါပဲ”ဟု ပြောသည်။
ရခိုင်ပြည်နယ်ကောင်စီမှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ပြည်နယ်ရဲမှူးကြီးသက်လွင်ကလည်း အဆိုပါရေလမ်းခရီးကို ပိတ်ထားခြင်းမရှိဘဲ လုံ/နယ်ထံ ခွင့်ပြုမိန့်တင်ပြီး သွားလာခွင့်ပြုထားသည်ဟု ဆိုသည်။
ကျောက်တော်-ပလက်ဝရေလမ်းနှင့် ကုန်လမ်းဆက်သွယ်ရေးများကို ပြီးခဲ့သည့် မေလ ၂၈ ရက်က ပလက်ဝမြို့တွင်း ပေါက်ကွဲမှု(၂) ကြိမ်ဖြစ်ပွားပြီးနောက်ပိုင်း အာဏာပိုင်များက ကန့်သတ်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဓာတ်ပုံ - ကျောက်တော်ဆိပ်ကမ်းနှင့် ပလက်ဝသို့သွားသည့်ရေလမ်းအားတွေ့ရစဉ်။ Photo - ထက်အောင်

ဆက်စပ် သတင်းများ