တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ကျောက်တော်-ပလက်ဝအကြား အစိုးရရေယာဉ် ဒီဇင်ဘာ ၂၄ ရက်တွင် ခရီးသည်တစ်ဦး ၁၈၀၀ ကျပ်ဖြင့် စတင်ပြေးဆွဲမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 1.8k

ထက်အောင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၀/ ၂၀၂၁
ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့အကြား ကုလားတန်မြစ်ကြောင်းအတိုင်း ပြည်တွင်းရေကြောင်းပိုင် ရေနယား - ၁ အမည်ရှိ ဇက်ရေယာဉ်ဖြင့် ဒီဇင်ဘာ ၂၄ ရက်နေ့တွင် စတင်ပြေးဆွဲမည်ဟု သတင်းရရှိသည်။
အဆိုပါ ခရီးစဉ်အတွင်း ခရီးသည်တစ်ဦး၏ ရေယာဉ်ခကို ကျပ် ၁၈၀၀ သတ်မှတ်ထားသည်ဟု သိရသည်။
ခရီးသည်များတွင်ပါမည့် လက်ဆွဲအိတ်များအတွက် စျေးနှုန်း တိတိကျကျ သတ်မှတ်ထားခြင်းမရှိကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက နိရ ဥ္စရာကို ပြောသည်။
“ဒါကတော့ အစိုးရက ပြေးဆွဲစေချင်တယ်ဆိုတော့ ကျနော်တို့ကလည်း ဖြစ်အောင်လုပ်ပေးရတာပေါ့။ ဒေသခံတွေကလည်း လိုလိုလားလား တောင်းဆိုထားတယ်ဆိုတော့လေ”ဟု ပြောသည်။
လက်ရှိတွင် ကျောက်တော်မှ ပလက်ဝသို့ ခရီးသည်တစ်ဦး သွားရောက်မည် ဆိုပါက အသွား/အပြန် ကျပ် ၆ သောင်းခန့်ကုန်ကျနေသည့်အတွက် ယခုဇက်ရေယာဉ်ဖြင့်ပြေးဆွဲခြင်းမှာ ခရီးသည်များအတွက် အကုန်အကျ သက်သာစေသည်ဟုလည်း ဒေသခံများက ပြောသည်။
ယင်းအပြင် ပလက်ဝမှ ကျောက်တော်သို့ ယခင်က စက်လှေများဖြင့်သွားရပြီး ဒေသအခြေအနေမတည်ငြိမ်မှု၊ စက်သုံးဆီဈေးနှုန်းမြင့်တက်မှုများကြောင့် ကုန်ပစ္စည်းတင်ဆောင်ခများမှာလည်း အထုတ်ငယ်တစ်ထုတ်လျှင် ၅ ထောင်ကျပ်နှင့် အထုပ်ကြီးလျှင် ကျပ် ၁ သောင်းထိပေးရကြောင်း ပလက်ဝ ဒေသခံများက ပြောသည်။
လက်ရှိတွင် အဆိုပါဇက်ရေယာဉ်ဖြင့် ကုန်များလည်း တင်ဆောင် ကူးသန်းနိုင်ပြီး ကုန်တစ်တန်လျှင် ကျပ် ၁၁၂,၀၀ ကောက်ခံပြေးဆွဲသွားမည်ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အဆိုပါဇက်ရေယာဉ်ဖြင့် တစ်ပတ်လျှင် သောကြာနေ့ တစ်ရက်သာ ပြေးဆွဲသွားမည်ဖြစ်ပြီး ယခုကဲ့သို့ပြေးဆွဲမှုကြောင့် ဒေသခံများအတွက် ကောင်းမွန်ကြောင်း ပလက်ဝဒေသခံများက ပြောသည်။
ပလက်ဝဒေသခံ ဦးအောင်ညွန့်က “အဲဒီလိုမျိုး ဇက်ရေယာဉ် ပြေးဆွဲပေးမယ် ဆိုတော့ ကောင်းတာပေါ့။ ဒီမှာက မသွားမလာရဘဲ လမ်းတွေပိတ်ထားတယ်။ အခုလို လမ်းခရီးသွားလာရတော့မယ်ဆိုတော့ ကျေးဇူးတင်ရမယ်။ ကျနော်တို့ ဒေသခံတွေအနေနဲ့ ဝမ်းမြောက်ဝမ်းသာနဲ့ကြိုဆိုပါတယ်” ဟု ပြောသည်။
ယခင်ကဆိုလျှင် အဆိုပါရေကြောင်းလမ်းကို ပိတ်ထားခဲ့သည့်အတွက် ကုန်ဈေးနှုန်းအဆမတန်တက်ပြီး စားဝတ်နေရေး အခက်အခဲများ ဖြစ်ခဲ့ရကြောင်း၊ ကျန်းမာရေးကိစ္စကဲ့သို့ မသွားမဖြစ်သွားရသည့် အနေအထားတွင် ပုဂ္ဂလိကစက်လှေများဖြင့် သွားရောက်ပါကလည်း တင်းတင်းကျပ်ကျပ်စစ်ဆေးမေးမြန်းမှုများရှိသည့်အတွက် သွားရေး လာရေး အဆင်မပြေကြောင်း ဒေသခံများက ပြောသည်။
ပလက်ဝမြို့မှ တည်းခိုခန်းပိုင်ရှင်တစ်ဦးက “အခု စက်သုံးဆီဈေးနှုန်းနဲ့ဆိုရင် ကျပ် ၁၈၀၀ လောက်ပေးရရင်လည်း မဆိုးဘူးလို့ ပြောရမယ်” ဟု ပြောသည်။
ကျောက်တော်-ပလက်ဝရေကြောင်းလမ်းကို ပြီးခဲ့သည့် မေလ ၂၈ ရက်က ပလက်ဝမြို့တွင်း ပေါက်ကွဲမှု (၂) ကြိမ်ဖြစ်ပွားပြီးနောက် အာဏာပိုင်များက ကန့်သတ်ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ