တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ကျောက်တော်-ပလက်ဝ ပြေးဆွဲနေသည့် အစိုးရရေယာဉ် စစ်ဆေးခံရမှုများရှိနေပြီး ဆန်၊ စက်သုံးဆီနှင့် အိမ်ဆောက်ပစ္စည်းများတင်ယူခွင့်မရသေးဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 8.4k

မြထွီးသျှင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၈/ ၂၀၂၁
ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့သို့ပြေးဆွဲနေသည့် အစိုးရရေယာဉ်သည် စစ်ဆေးခံရမှုများရှိနေဆဲဖြစ်ပြီး ဆန်၊ စက်သုံးဆီနှင့် အိမ်ဆောက်ပစ္စည်းများတင်ယူခွင့်မရသေးဟု ခရီးသည်များက ပြောသည်။
ကျောက်တော်-ပလက်ဝခရီးစဉ်ကို ရေနယား - ၁ အမည်ရှိ အစိုးရပိုင် ဇက်ရေယာဉ်ဖြင့် ဒီဇင်ဘာလ ၂၄ ရက်မှ စတင်ပြေးဆွဲနေသော်လည်း ခရီးသည်များနှင့် ကုန်ပစ္စည်းများကို ယခင်အတိုင်း တင်းတင်းကျပ်ကျပ်စစ်ဆေးမှုများရှိနေသည့်အတွက် အချိန်ကြန့်ကြာမှုများရှိနေကြောင်း ခရီးသည်များက ပြောသည်။
အမည်မဖော်လိုသည့် ပလက်ဝဒေသခံတစ်ဦးက “မှတ်ပုံတင်တွေကို အဓိကစစ်ဆေးတယ်။ မှတ်ပုံတင်စစ်တာမှာလည်း မနက် ၈ နာရီကနေစစ်တာ မနက် ၉ နာရီအထိဆိုတော့ အချိန်တွေကြန့်ကြာတယ်။ လမ်းကြောင်းတစ်ခုကို ကြန့်ကြာအောင်လုပ်နေတော့ ဒီလိုတားဆီးပိတ်ပင်တာတွေမျိုးကိုမြင်နေရတယ်။ လူ ၁၀၀ လောက်ပါတာကို ၁ နာရီကျော်လောက်ကြာအောင် စစ်ဆေးတာကတော့ မဖြစ်သင့်ဘူးလို့မြင်တယ်” ဟု ပြောသည်။
စတင်ပြေးဆွဲနေသည့်အဆိုပါဇက်ရေယာဉ်တွင်လည်း ဆန်၊ စက်သုံးဆီနှင့် အိမ်ဆောက်ပစ္စည်းများကို သယ်ယူတင်ဆောင်ခွင့်မရှိသလို ကျောက်တော်သကြားစက်အလွန်ရှိ ကျောက်တော်တပ်မဂိတ်တွင်လည်း ကုန်ပစ္စည်းအထုတ်များကို တင်းတင်းကျပ်ကျပ်စစ်ဆေးခံရမှုများရှိနေကြောင်း ပလက်ဝမှ စျေးဝယ်လာသူတစ်ဦးက နိရဥ္စရာသို့ပြောသည်။
“အဲဒါတွေကို ဘာလို့သယ်ယူခွင့်မရလဲဆိုတာတော့ မသိဘူး။ သူတို့ကန့်သတ်ထားတာပဲ သိတယ်။ ကန့်သတ်ထားတော့လည်း မသယ်ရဲပါဘူး” ဟုပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ကောင်စီမှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ပြည်နယ်ရဲမှူးကြီး သက်လွင်က “ဆန်၊ ဆီနဲ့ အိမ်ဆောက်ပစ္စည်းတွေကိုတော့ အခုကသယ်ယူခွင့်ရတယ် ခွင့်ပြုမိန့်ပါရင်လေ။ ခွင့်ပြုမိန့်လိုတယ်။ လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရတို့ဆီက ခွင့်ပြုမိန့်ပါရင်ရတယ်”ဟု ပြောသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်ကောင်စီမှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရတို့အား ဆက်သွယ်ခဲ့သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။
ကျောက်တော်မြို့မှထွက်ခွာလာလျှင် ကျောက်တော်သကြားစက်အလွန် ကျောက်တော်တပ်မနှင့် ပလက်ဝသို့ရောက်ခါနီးတွင် တပ်ရင်းခွဲ ခလရ ၂၈၉ ၌တပ်စွဲနေသည့် တပ်မ ၁၁ က စစ်ဆေးမှုများပြုလုပ်နေကြောင်းလည်း ခရီးသည်များက ပြောသည်။
ကျောက်တော်-ပလက်ဝခရီးစဉ်တွင် ခရီးသည်တစ်ဦးလျှင် ရေယာဉ်စီးနင်းခကို ကျပ် ၁,၈၀၀ သတ်မှတ်ထားပြီး ကုန်တစ်တန်လျှင် ကျပ် ၁၁,၂၀၀ ကောက်ခံနေသည်ဟုလည်း သိရသည်။
အဆိုပါခရီးစဉ်ကို တစ်ပတ်လျှင် ကျောက်တော်မှ သောကြာနေ့တွင်ထွက်ခွာပြီး စနေနေ့တွင် ပလက်ဝမှ ပြန်လည်ထွက်ခွာပြေးဆွဲနေခြင်းဖြစ်သည်။
လက်ရှိတွင် အဆိုပါဇက်ရေယာဉ်ဖြင့် တစ်ပတ်တွင် ၂ ကြိမ်ပြေးဆွဲနိုင်ရန် စီစဉ်နေပြီး မည်သည့်ရက်တွင် ထပ်မံပြေးဆွဲမည်ဆိုသည်ကို မသိရသေးဟု ရခိုင်ပြည်နယ်ကောင်စီ၏ပြောခွင့်ရသူ ဦးလှသိန်းထံမှ သိရသည်။
ဓာတ်ပုံ- သိကြားစေချင်ငွေသဇင်

ဆက်စပ် သတင်းများ