သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

သင်္ကြန်တွင်း ရခိုင်သို့လာရောက်လည်ပတ်သူများ၍ လေယာဉ်စီးရေထပ်တိုးပြေးဆွဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 499

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဧပြီ ၄/၂၀၂၂
သင်္ကြန်တွင်း ရခိုင်သို့လာရောက်လည်ပတ်မှုများ၍ လေယာဉ်စီးရေကို ထပ်တိုးပြေးဆွဲမည်ဟု Royal Thazin Travels & Tours Co.,Ltd က နိရဥ္စရာကို ပြောသည်။
“ထပ်တိုးပေးထားတာက စစ်တွေ-ရန်ကုန်၊ ရန်ကုန်-စစ်တွေ ထပ်တိုးပေးထားတာပါ။ တခြားမြို့နယ်တွေမပါပါဘူး။ ရန်ကုန်ကနေ စစ်တွေကို အသွားများလို့ပါ”ဟု ပြောသည်။
ထပ်တိုးပြေးဆွဲမည့်လေကြောင်းလိုင်းမှာ မန်းရတနာပုံလေကြောင်းလိုင်းဖြစ်ပြီး ဧပြီ ၇ ရက်မှ ၁၀ ရက်အတွင်း လေယာဉ်တစ်စီးထပ်တိုးပြေးဆွဲမည်ဟု သိရသည်။
မန်းရတနာပုံလေကြောင်းလိုင်းတွင် ပုံမှန် တစ်စီးတည်းသာပြေးဆွဲနေခြင်းဖြစ်ပြီး သင်္ကြန်ကာလတွင် နှစ်စီးပြေးဆွဲမည်ဟု သိရသည်။
သင်္ကြန်လွန်ပါက တစ်စီးတည်းဖြင့်သာ ပုံမှန်အတိုင်း ပြေးဆွဲသွားမည်ဟုလည်း သိရသည်။
ရခိုင်သို့ ပြေးဆွဲနေသည့်လေကြောင်းများမှာ မြန်မာ့လေကြောင်း၊ Air KBZ၊ မန်းရတနာပုံနှင့် Golden Myanmar လေကြောင်းလိုင်းတို့ဖြစ်ပြီး ယင်းအနက် Golden Myanmar လေကြောင်းလိုင်းမှာ ယာယီရပ်နားထားရသည်ဟု သိရသည်။
ကျန်လေကြောင်းလိုင်းနှစ်ခုတွင် ပုံမှန် နှစ်စီးဖြင့်ပြေးဆွဲနေပြီး သင်္ကြန်ကာလအတွင်း လေယာဉ်စီးရေထပ်တိုးပြေးဆွဲရန်အစီအစဉ်မရှိဟု သိရသည်။
သင်္ကြန်ကာလအတွင်း ရခိုင်သို့ အသွားအလာများ၍ ဧပြီလ ၉ ရက်၊ ၁၈ ရက်နှင့် ၁၉ ရက်တို့အတွက် လေယာဉ်လက်မှတ်များ ကုန်နေပြီဖြစ်ပြီး အခြားရက်များအတွက်လည်း ကုန်သလောက်ဖြစ်နေပြီဟု လေယာဉ်လက်မှတ်အရောင်းဌာနများမှ သိရသည်။
ရန်ကုန်မှ မြောက်ဦးသို့ သင်္ကြန်အတွင်း လာရောက်လည်ပတ်ရန် လက်မှတ်ဝယ်ယူထားသည့် ခရီးသည်တစ်ဦးက လက်ရှိ ရခိုင်တွင် တိုက်ပွဲများလည်း ရပ်တန့်နေပြီး ကိုဗစ်ကူးစက်မှုလည်း ကျဆင်းနေ၍ သင်္ကြန်ကာလကို ရခိုင်တွင် အပန်းဖြေရခြင်းဖြစ်သည်ဟု နိရဥ္စရာကို ပြောသည်။
ရခိုင်တွင် စစ်ဘေးနှင့် ကိုဗစ်ကပ်ဘေးတို့ကြောင့် ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ သင်္ကြန်ကျင်းပနိုင်ခြင်း မရှိခဲ့ပေ။
ယခု ၂၀၂၂ နှစ်တွင် ရခိုင်တွင် သင်္ကြန်ကို စည်စည်ကားကား ပြန်လည်ကျင်းပမည်ဟု သိရသည်။

ဆက်စပ် သတင်းများ