တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်တွေသို့ အသစ်ရောက်ရှိလာသည့် ရထား၃တွဲအထဲမှ ၂ တွဲကို တက္ကသိုလ်ကျောင်းသား၊သူများ သွားလာရေးအတွက်ဦးစားပေးပြေးဆွဲမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 5.1k

နိရဉ္စရာ၊ မေ ၂၁/ ၂၀၂၂
မေလ ၂၀ရက်နေ့ ညနေက စစ်တွေမြို့သို့ ရောက်ရှိလာသည့် RBE ရထားတွဲ ၃တွဲကို တက္ကသိုလ် ကျောင်းသား၊သူများ သွားလာရေး အဆင်ပြေစေရန် အတွက် ပြေးဆွဲသွားမည်ဟုသိရသည်။
အဆိုပါရထားတွဲ ၃တွဲအနက် ၂တွဲကို တက္ကသိုလ် ကျောင်းသား၊သူများအတွက် ဦးစားပေးပြေးဆွဲ မှာဖြစ်ပြီး ကျန် ၁တွဲကို အများပြည်သူအတွက် ပြေးဆွဲမှာဖြစ်သည်ဟု ပြည်နယ်လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်က ပြော သည်။
"အဓိကတော့ ပြည်သူတွေအတွက် ပြေးဆွဲနေတာ။ ဒါပေမဲ့လည်း ကျောင်းသား၊သူတွေ က ကျောင်းကိုသွားတဲ့အခါ ကားနဲ့သွားနေရတယ်။ အသွား၊အပြန် ၃ထောင်လောက် ပိုက်ဆံ အကုန်အကျများတယ်ပေါ့။ အဲဒါကြောင့် ကျောင်းသား၊သူတွေအတွက် ၂တွဲကို ဦးစားပေး ပြေးဆွဲသွားမှာဖြစ်တယ် "ဟု ပြောသည်။
တက္ကသိုလ်ကျောင်းသား၊သူများအတွက် ရထားပြေးဆွဲမှုကို ကျောင်းဖွင့်သည့်အချိန်တိုင်း ပြေးဆွဲ သွားမှာဖြစ်ပြီး လူတစ်ဦးလျှင် စီးခ ၁၅၀ ကျပ်သာ ကောက်ခံမည်ဖြစ်သည်ဟုရဲမှူးကြီးသက်လွင် ပြောသည်။
"ကျောင်းတက်ရတဲ့နေ့စဆွဲမယ်။ တစ်ယောက်ကို စီးခ အသွား ၁၅၀နဲ့အပြန် ၁၅၀စီ ပေးရမှာပေါ့။ ကားတွေနဲ့ဆိုရင် ၁၅၀၀တောင်ပေးနေရတယ်" ဟု ပြောသည်။
စစ်တွေမြို့တွင် ကွန်ပျူတာတက္ကသိုလ်၊ စစ်တွေတက္ကသိုလ်နှင့် စစ်တွေနည်းပညာတက္ကသိုလ် စသဖြင့် ၃ခုရှိပြီး ယင်းအထဲမှ စစ်တွေတက္ကသိုလ်နှင့် စစ်တွေနည်းပညာတက္ကသိုလ်တို့သည် စစ်တွေ-ရေချမ်းပြင် ရထားလမ်းပိုင်းတွင်တည်ရှိသည်။ ပြီးခဲ့သည့် မတ်လ (၂၄)ရက်နေ့က ၎င်း စစ်တွေ- ရေချမ်းပြင် မီးရထားလမ်းပိုင်းကို ပြန်လည်ပြေးဆွဲရန် ဖွင့်လှစ်ပေးခဲ့ပါသည်။
ရထားလက်မှတ်ဈေးနှုန်းများမှာ ပြည်တော်သာဘူတာမှ စစ်တွေဘူတာ၊ စစ်တွေတက္ကသိုလ်ဘူတာနှင့် ဒါးပိုင်ဘူတာအထိ (၅၀)ကျပ်၊ ပြည်တော်သာ ဘူတာမှ ဇောပူဂျာဘူတာနှင့် မယ်ဇလီကုန်းဘူတာအထိ (၁၀၀)ကျပ်နှင့် ပြည်တော်သာဘူတာမှ ရေချမ်းပြင်ဘူတာအထိ (၁၅၀)ကျပ်ဖြစ်ကြောင်း သိရသည်။ (NN11)

ဆက်စပ် သတင်းများ