တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

တောင်ကုတ်မှစစ်တွေသို့ထွက်ခွာလာသည့် ရွှေပြည်တန်အမြန်ယာဥ် ချို့ယွင်းမှုဖြစ်၍ ပြန်လှည့်ခဲ့ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 3.5k

နိရဥ္စရာ၊ ဇွန် ၁၁ရက်၊ ၂၀၂၂

 

တောင်ကုတ်မြို့မှ စစ်တွေမြို့သို့ထွက်ခွာလာသော ရွှေပြည်တန်အမြန်ရေယာဥ်သည် တောင်ကုတ်မြို့နယ်ရှိ ကလိန်တောင်ရွာနှင့် င/မုန်းတိုင်းရွာကြားသို့အရောက်တွင် တက်မ ချို့ယွင်းမှုဖြစ်ရာမှ တောင်ကုတ်မြို့သို့ ပြန်လှည့်ခဲ့ရသည်ဟု သိရသည်။


ယနေ့ ဇွန်လ ၁ရက် နံနက် ၇နာရီကျော် အချိန်ခန့်တွင  အဆိုပါရေယာဥ်မှ တက်မချို့ယွင်းမှုကြောင့် ပြန်လည်ပြုပြင်နိုင်ရန်ပြန်လှည့်သွားရခြင်းဖြစ်ကြောင်း ရွှေပြည်တန်အမြန်ရေယာဥ်မှ မန်နေဂျာ ဦးစံမော်သိန်းက ပြောသည်။

 

တက်မချလိုက်တဲ့အချိန်မှာ တက်မက အားနည်းချက်တစ်ခုဖြစ်သွားလို့။ ဒီဖက်ကို လာရင် အချိန် နောက်ကျဖို့ကြောက်လို့ တောင်ကုတ်ကို ပြန်လှည့်ဖို့ပြောလိုက်ပါတယ်။ အားလုံးကိုပြန်ပြင်ပြီးတော့ မနက်ဖြန်မှ ပြန်ထွက်လာပါဟုဆိုသည်။

 

ယခုလိုပြန်လှည့်ခဲ့ရသည့်အတွက် စစ်တွေမြို့သို့လိုက်ပါစီးနင်းလာသည့်ခရီးသည်များမှာ အခက်အခဲများ ဖြစ်သွားကြရသည်ဟု တောင်ကုတ်မှ စစ်တွေမြို့သို့ စီးနင်း လိုက်ပါလာသည့် ခရီးသည်တစ်ဦးကပြောသည်။

 

ကျွန်တော့်မှာ ဧည့်သည်တွေ သုံးလေးယောက်လောက်ခေါ်ထားတာ။ တည်းခိုခန်းတွေ၊ စားသောက်စရိတ်တွေက လွယ်တာမဟုတ်ဘူးလေ။ ပြီးတော့ အလုပ်ကိစ္စ၊ ရုံးကိစ္စနဲ့သွားတဲ့ အခါကျတော့ နောက်နှေးကြန့်ကြာမှုတွေ ဖြစ်သွားရတာပေါ့ဟုဆိုသည်။

 

ယင်းအပြင် ရွှေပြည်တန်အမြန်ရေယာဥ်အနေဖြင့် ခရီးမထွက်မီအချိန်ကပင် သေသေချာချာ စစ်ဆေးပြီးလုပ်ထားသင့်ကြောင်း ယခုလိုမြစ်ကြီးအထဲသို့ရောက်ပြီးသည့် အချိန်မှ တစ်ခုခုဖြစ်သွားလျှင် ခရီးသည်အန္တရာယ်အတွက် စိုးရိမ်စရာဖြစ်ကြောင်း  အဆိုပါခရီးသည်က ဆိုသည်။

 

ရွှေပြည်တန်အမြန်ရေယာဥ်သည် တောင်ကုတ်မြို့မှ စစ်တွေမြို့သို့ အပတ်စဥ် ဗုဒ္ဓဟူးနေ့နှင့် စနေနေ့ ၂ရက်သာ ထွက်သည်ဟု သိရသည်။

ဆက်စပ် သတင်းများ