တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ကုလားတန်မြစ်ရေကြီးနေ၍ ကျောက်တော်-ပလက်၀ အကြားပြေးဆွဲနေသည့် ရေယာဉ်ကို ယခုအပတ်တွင်ပြေးဆွဲမည်မဟုတ်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 680

နိရဉ္စရာ၊ ဇွန် ၂၁/၂၀၂၂
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ တစ်ပတ်တွင် တစ်ရက် ပြေးဆွဲနေသည့် ပြည်တွင်းရေကြောင်းပိုင် ကျောက်တော်-ပလက်ဝ ရေယာဉ်သည် ကုလားတန် မြစ်ရေကြီးနေသဖြင့် ယခုအပတ်တွင် ပုံမှန်အတိုင်း ပြေးဆွဲနိုင်မည်မဟုတ်ကြောင်း သိရသည်။
ပလက်ဝဘက်တွင်မိုးကြီးပြီး ကုလားတန်မြစ်ရေကြီးနေကာ ရေကျများ နေသဖြင့် ရေအဆန်တက်ရန် မဖြစ်နိုင်၍ ရေယာဉ်ပြေးဆွဲမှုကို ခေတ္တ ရပ်နားမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်း(ရခိုင်ဌာနခွဲ)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
"အခုဒီအပတ်မှာမထွက်ဖြစ်ဘူး၊ ဟိုဘက်မှာ မိုးကြီးပြီး ရေတက်နေတယ်။ အဲဒီမှာ ရေက မိုးဆက်တိုက် ရွာနေတော့ ရေတက်တာများပြီး အညာရေ ပေါက်ပြီး သင်္ဘောက တက်လို့မရဘူးဖြစ်နေတယ်။ ဦးချွန်ချွန်နဲ့ (သင်္ဘော) ဆိုရင်တော့ ရနိုင်တယ်။ အခုကဇက်ဖြစ်လို့ ပလက်ဝကို တက်လို့မရဘူး" ဟုပြောသည်။
ကျောက်တော်နှင့် ပလက်၀မြို့ အကြား ဆက်သွယ်ရေးတွင် ရေယာဉ်ကို အဓိကအားကိုးနေရပြီး လက်ရှိအချိန်တွင် ရေယာဉ်မပြေးဆွဲနိုင်ပါက လူများသွားလာရေး အခက်အခဲဖြစ်နိုင်သလို ပလက်ဝတွင် ကုန်စည် စီးဆင်းမှုများလည်း ပြတ်တောက်သွားနိုင်ကြောင်း အမည်မဖော်လိုသည့် ပလက်ဝ ဒေသခံတစ်ဦးကပြောသည်။
"မိုးရာသီမှာတော့ ရေများမှာပေါ့။ ဒီလိုမျိုးရေယာဉ်မထွက်တော့ ကျနော်တို့ မြို့မှာ ကုန်စည် စီးဆင်းမှုတွေ ပြတ်တောက်သွားနိုင်တယ်။ ကုန်စည်တွေက နှစ်ဆလောက်တိုးပြီးတော့ ဈေးမြင့်သွားနိုင်တယ်။ ကုန်ဈေးနှုန်းတွေ ဈေးတက်လာရင် ပြည်သူတွေအနေနဲ့ စီးပွားရေးသမားတွေ ချယ်လှယ်တာ ခံရအုံးမယ်" ဟုပြောသည်။
လက်ရှိ မိုးမှာ အဆက်မပြတ်ရွာသွန်းနေပြီး အိန္ဒိယအရှေ့မြောက် ပြည်နယ် အာသံတွင်လည်း ရေကြီးနေပြီး လူအေသအပျောက်များရှိနေကြောင်း သိရသည်။
နောက်အပတ်များအတွက်လည်း မြစ်ရေတက်၍ ဇက်ရေယာဉ် မပြေးဆွဲနိုင်ပါက ကုန်စည်စီးဆင်းမှု ပိုမိုအခက်အခဲများဖြစ်မည်ကိုလည်း စိုးရိမ်နေကြကြောင်း ဒေသခံများကပြောသည်။
လာမည့်ရက်သတ္တပတ်များတွင်လည်း ပလက်ဝဘက်တွင် မိုးများ၍ မြစ်ရေကြီးပါက ဇက်ရေယာဉ် ပြေးဆွဲမှုကို အခြေအနေကြည့်၍ ပြေးဆွဲသင့် ပြေးဆွဲကာ၊ နားသင့်နားရမည်ဖြစ်ကြောင်း ပြည်တွင်း ရေကြောင်း (ရခိုင်ဌာနခွဲ)က တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ကျောက်တော်မှ ပလက်ဝသို့ပြေးဆွဲနေသည့် ခရီးစဉ်သည် အင်္ဂါနေ့တွင် ကျောက်တော်မြို့မှ ထွက်ခွာ၍ ဗုဒ္ဓဟူးနေ့တွင် ပလက်ဝမှ ကျောက်တော်သို့ ပြန်လည်ထွက်ခွာကြောင်းသိရသည်။
အဆိုပါခရီးစဉ်တွင် ခရီးသည်တစ်ဦး၏ ရေယာဉ်ခကို ကျပ် ၁၈၀၀ နှင့် ကုန်တစ်တန်လျှင် ကျပ် ၁၁၂,၀၀ စီသတ်မှတ်ကာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်မှ စတင်ပြေးဆွဲနေခြင်းဖြစ်သည်။ (NN-8)

ဆက်စပ် သတင်းများ