တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်တွင်အရပ်သားများကို ဖမ်းဆီးစစ်ဆေးမှုများလာ၍ဒေသတွင်း ပြေးဆွဲနေသည့်ကားလိုင်းများကိုပါရပ်နားထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 3.1k

နိရဉ္စရာ၊ ဇွန် ၂၂/၂၀၂၂
ရခိုင်ပြည်နယ်မှ မြို့အချို့တွင် ဒေသခံအရပ်သားများကို စစ်ကောင်စီတပ်က ဦးတည်ဖမ်းဆီးစစ်ဆေးမှုများလာ၍ ဒေသအတွင်း ပြေးဆွဲနေသည့် ကားလိုင်းများကိုပါ ယာယီရပ်နားထားရကြောင်း သတင်းရရှိသည်။
ယာယီရပ်နားထားသော ယာဉ်လမ်းကြောင်းများမှာ စစ်တွေ-မြောက်ဦး၊ စစ်တွေ- ကျောက်တော်၊ စစ်တွေ- ပုဏ္ဏားကျွန်းတို့ကို ပြေးဆွဲနေသည့် ကားလိုင်းများဖြစ်ကြပြီး ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းကိုမူ စစ်ကောင်စီက လွန်ခဲ့သည့် ဇွန်လ ၁၆ ရက်နေ့မှ စတင်ကာ ယာယီ ပိတ်ထားကြောင်း ဒေသခံကားသမားများက ပြောဆိုသည်။
ဇွန်လ ၂၀ ရက်နေ့က၊ ကျောက်တော်မြို့မှရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးပြီးနောက် စစ်ကောင်စီတပ်က သာမာန်အရပ်သားများကိုသာ လိုက်လံဖမ်းဆီးနေသဖြင့် ယာဉ်လိုင်းများကို ရပ်နားထားရခြင်း ဖြစ်သည်ဟု ကျောက်တော်မြို့မှ စစ်တွေသို့ ယာဉ်လိုင်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးက ပြောသည်။
"မနေ့ကတော့ လမ်းမှာအစစ်အဆေးတွေ ခံခဲ့ရတယ်။ အပြန် ကျောက်တော် ရောက်တော့ ကျောက်တော် ကားဂိတ်မှာ လူလည်း မရှိတော့ဘူး၊ ဆိုင်တွေလည်း အားလုံးပိတ်ထားတယ်။ ကျောက်တော်တောင်နားမှာတော့ စစ်သားတွေရှိတယ်၊ လက်နက်တွေနဲ့ အုပ်စုတွေနဲ့။ ဒီနေ့တော့ လမ်းကြောင်း မရှင်းလို့ ကားမထွက်ဖြစ်ဘူး။ အခြားကားတွေလည်း မထွက်ဖြစ်ကြဘူး" ဟုပြောသည်။
ဇွန်လ ၂၁ ရက်မှစတင်ပြီး ကျောက်တော်မြို့၌ စစ်ကောင်စီတပ်က လုံခြုံရေး တိုးမြှင့်ကာ ဒေသခံပြည်သူများကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေသဖြင့် စျေးဆိုင်များ၊ စျေးများ၊ ကျောင်းများအား ပိတ်ထားရသည်ဟု ဒေသခံများကပြောသည်။
မြောက်ဦးတွင်လည်း လမ်းသွား၊လမ်းလာများနှင့် ဒေသခံများကို ဖမ်းဆီး စစ်ဆေးမှုများပြုလုပ်နေသဖြင့် ခရီးသွားလာရေးမှာ အန္တရာယ်ရှိနိုင်သဖြင့် ယာဉ်လိုင်းပြေးဆွဲမှုကို ယာယီရပ်နားထားရကြောင်း မြောက်ဦးမြို့က ကားသမားတစ်ဦးကပြောသည်။
"လမ်းကြောင်းအန္တရာယ်ရှင်းမှပဲ ပြန်ထွက်ဖြစ်မယ်။ ခရီးသည်တွေလည်း ဘေးကင်းဖို့လိုတာပေါ့နော်။ အခုမြောက်ဦးမှာက အဖမ်းအဆီးတွေရှိလို့ အိမ်ထဲကအိမ်ပြင်သိပ်မထွက်ကြဘူး။ လမ်းသွား လမ်းလာတွေကလည်း အရေးတကြီးလိုအပ်လို့ ထွက်နေကြတဲ့လူတွေလောက်ပဲ ရှိတယ်" ဟုပြောသည်
ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က မြောက်ဦးမြို့ အဝင်အထွက်ကိုပိတ်၍ စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ အရပ်သား ၃၀ ဦးထက်မနည်း ဖမ်းဆီး စစ်ဆေးခံနေကြရပြီး ထိုအထဲတွင် ကျောင်းသား ၃ ဦးလည်း ပါဝင်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့ စစ်ကောင်စီ တပ်သားတစ်ဦးကို အေအေက ဖမ်းဆီးသွားပြီးသည့်နောက်ပိုင်းတွင် စစ်ကောင်စီဘက်မှ ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းကိုလည်း ယာယီပတ်ထားကြောင်း ရသေ့တောင်မှ ယာဉ်လိုင်းပြေးဆွဲနေသည့် ကားသမားတစ်ဦးကပြောသည်။
"လွန်ခဲ့တဲ့အပတ် ကြာသပတေးကနေ သူတို့ဘက်ကပိတ်ထားလိုက်တာ။ ပိတ်တဲ့အကြောင်းကတော့ စစ်သားတစ်ယောက်ပျောက်လို့ ဆိုပြီးတော့ ပြောကြတယ်။ နောက်သုံး၊ လေးရက်လောက်နေရင်တော့ ပြန်ဖွင့်မယ်လို့တော့ ကြားတယ်။ အခုလောလောဆယ်ပိတ်ထားတော့ ကားသမားတွေရဲ့ စားဝတ်နေရေးတွေကလည်း အခက်အခဲဖြစ်၊သွားလာရမယ့်သူတွေပလည်း အခက်အခဲတွေရှိတာပေါ" ဟုပြောသည်။
ထိုသို့ဒေသခံပြည်သူများအား စစ်တပ်က ဦးတည်ဖမ်းဆီးစစ်ဆေးရာတွင် သာမာန်အရပ်သား အမျိုးသားများကိုသာမက ကျောင်းသားများနှင့် အမျိုးသမီးများကိုပါ ဖမ်းဆီးနေသဖြင့် လူတိုင်း စိုးရိမ်နေကြရသည်ဟု ဒေသခံများကပြောသည်။
ကျောက်တော်မြို့တွင် ဖမ်းဆီးထားသူအထဲမှ အမျိုးသမီး ၄ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ဒေသခံအရပ်သားများအား ဖမ်းဆီးစစ်ဆေးမှုများ ဆက်လက် ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။
(NN-8)

ဆက်စပ် သတင်းများ