တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်တွေမှ နယ်မြို့များသို့ အမြန်ရေယာဉ်များပြေးဆွဲခွင့် စစ်ကောင်စီတားမြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 5.7k

နိရဉ္စရာ၊ ဇွန် ၂၄/၂၀၂၂

ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမှ နယ်မြို့များသို့ အမြန်ရေယာဉ်များပြေးဆွဲခွင့်ကို ယနေ့နံနက်ကစစ်ကောင်စီမှ တားမြစ်လိုက်သည်ဟု သတင်းရရှိသည်။

 

ယနေ့နံနက်က အမြန်ရေယာဉ်များ စစ်တွေဆိပ်ကမ်းမှ ထွက်ခွာရန်ပြင်ဆင်နေချိန်တွင် စစ်တွေ ဆတ်ရိုးကျချောင်းဝအထွက်၌ တပ်စွဲထားသည့် ဌာနဆိုင်ရာစစ်ဆေးရေးဂိတ်အရာရှိမှ ဖုန်းဆက်ပြီး တားမြစ်ခဲ့သည်ဟု သိရသည်။

 

ထိုသို့တားမြစ်သဖြင့် ယနေ့နံနက်တွင် ပြေးဆွဲမည့် ရွှေပြည်တန် အမြန်ရေယာဉ်၏ စစ်တွေမှ ပေါက်တော - မင်းပြား စစ်တွေ-မြောက်ဦး စစ်တွေ- ရသေ့တောင်- ဘူးသီးတောင် ခရီးစဉ်များကို ရပ်နားလိုက်ရသည်ဟု သိရသည်။

 

ကျနော်တို့ကို ၇ နာရီမထိုးခင်လောက်က အထွက်တွေ ခဏပိတ်ထားဆိုလို့ ထွက်လို့ ရနိုးနိုးနဲ့ စောင့်နေပါတယ်။ ခရီးသည်တွေလည်း စောင့်နေကြတယ်။ အခုတော့ ကျနော်တို့ အားလုံး ပိုက်ဆံတွေပြန်အမ်းနေပြီ။ ခရီးသည်တွေလည်း ပြန်နေကြပြီဟုရွှေပြည်တန် မန်နေဂျာက ဆိုသည်။

သို့အတွက် ခရီးသည်များမှာ အမြန်ရေယာဉ် ဆိပ်ကို ရောက်ပြီးမှ အိမ် ပြန်သွားခဲ့ရသည်ဟုဆိုသည်။

 

ယခုကဲ့သို့ တားမြစ်ခြင်းမှာ မည်သည့်အတွက်ကြောင့်ဟု ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း ယမန်နေ့က စစ်တွေမြို့တွင် ယမန့်နေ့ ဗိုလ်ကြီးအဆင့်ရှိသူ ရေတပ်အရာရှိတစ်ဦးနှင့် စစ်သားတစ်ဦးတို့ကို  ရက္ခိုင့်တပ်တော် (AA)  ဖမ်းဆီးခေါ်ဆောင်မှုနှင့် ဆက်စပ်နိုင်သည်ဟု လေ့လာသုံးသပ်သူများက ပြောသည်။

 

ယခု အမြန်ရေယာဉ်များ ပြေးဆွဲခွင့်ကို ပိတ်ထားခြင်းမှာ ရက်ပေါင်းမည်မျှဆိုသည်ကိုလည်း တိတိကျကျ မသိရှိရသေးဟု ဆိုသည်။

 

ယနေ့ နံနက်က မင်းပြားမြို့မှ စစ်တွေသို့ထွက်လာသည့် ရွှေပြည်တန်အမြန်ရေယာဉ်ကို စစ်ကောင်စီတပ်သားများမှ စစ်ဆေးမေးမြန်းပြီး ထွက်ခွင့်ပြုလိုက်သော်လည်း  စစ်တွေမြို့သို့ အဝင် ဆတ်ရိုးကျချောင်းဝစစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုများရှိခဲ့သည်ဟု ခရီးသည်များက ပြောသည်။

 

လက်ရှိစစ်တွေမြို့တွင် လုံခြုံရေးတင်းကျပ်ထားပြီး ကုန်းလမ်းနှင့် ရေလမ်းကြောင်းများကို ပိတ်ဆို့ထားကာ ရှာဖွေ ဖမ်းဆီးမှုများပြုလုပ်နေကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ