တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်တပ်အရာရှိဖမ်းဆီးခံရပြီးနောက် စစ်တွေမှ ထွက်ခွာမည့်ရေယာဉ်လိုင်းများအားလုံး ပိတ်ထား၍ ပြည်သူများအကြီးအကျယ် အခက်အခဲဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 841

နိရဉ္စရာ၊ ဇွန် ၂၅/၂၀၂၂

 

ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေပြု၍ အခြားမြို့နယ်များသို့ ပြေးဆွဲနေသည့် ရေယာဉ်လိုင်းများ အားလုံးကို ယမန်နေ့ ဇွန်လ ၂၄ ရက်နေ့မှစ၍ ပြေးဆွဲခွင့် ပိတ်ပင်ခံထားရသည့်အတွက် ခရီးသည်များနှင့် ကုန်သည်များ အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။

ရေကြောင်းလိုင်းများကို ပိတ်လိုက်သည့်အတွက် စစ်တွေတက္ကသိုလ်တွင် အဝေးသင်တက်ရောက်နေသည့် အခြားမြို့မှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း စနေ၊ တနင်္ဂနွေရက်များတွင် ကျောင်းမတက်ရ၍ စာမေးပွဲဖြေဆိုခွင့်မရမည်ကို စိုးရိမ်နေကြသည်။

ရွှေပြည်တန်လိုင်းပိတ်လိုက်တော့ ဒီတစ်ခေါက်သွားရမှာ အဆင်မပြေလိုက်ဘူး။ ကားလမ်းတွေလည်း အဆင်မပြေတော့ ကျောင်းတက်ရမှာ အခက်အခဲဖြစ်တယ်။ Pratical တွေလည်း နောက်ကျသွားတယ်။ ဒီလိုမျိုးဆိုရင် ကျောင်းတက်ရမှာ အဆင်ပြေမှာမဟုတ်ဘူး၊ လမ်းပန်းဆက်သွယ်ရေးအခြေအနေမကောင်းရင်။ ရေယာဉ်လိုင်းတွေကိုပြန်ပြီးဖွင့်ပေးစေချင်တယ်။ Practical အချိန်မပြည့်ရင် စာမေးပွဲဖြေခွင့်မရမှာ စိုးရိမ်တယ်ဟု မင်းပြားမြို့နယ် ကင်းဆိပ်ကျေးရွာမှ အဝေးသင် တတိယနှစ် ကျောင်းသူ မခင်လေးဝင်းက ပြောသည်။

ယင်းအပြင် စစ်တွေမြို့တွင် ကျန်းမာရေးအရ ဆေးရုံ၊ ဆေးခန်းလာပြမည့်သူများအနေဖြင့် ကားလမ်းများတွင် စစ်ကောင်စီတပ်သားများက အစစ်အဆေးများရှိနေသည့်အတွက် ရေကြောင်းလမ်းကို အားထားကာသွားလာခဲ့ရသော်လည်း လက်ရှိတွင် ရေယာဉ်လိုင်းများကိုပါ ပိတ်ထားသည့်အတွက် အိမ်တွင် ဆေးမြီးတိုများဖြင့် ကုသကာ ကြိတ်မှိတ်ခံနေရသည်ဟု မြောက်ဦးဒေသခံတစ်ဦးက ပြောသည်။

ကားလမ်းကလည်း လမ်းပိတ်ထားတယ်။ ရေလမ်းကလည်း လမ်းပိတ်ထားတယ်ဆိုတော့ မြောက်ဦးမြို့နယ်အနေနဲ့ အဆင်မပြေတဲ့ရောဂါမျိုးဆိုရင် အသက်အန္တရာယ်ကို စိုးရိမ်ရတဲ့အနေအထားမှာရှိတယ်။ ကားလမ်းကတော့ မသွားကြဘူး။ နေ့တိုင်းစစ်ဆေးမှုရှိတဲ့အတွက် အဲဒီထဲမှာ ရောပါသွားရင် မိသားစုတွေဒုက္ခရောက်သွားနိုင်တယ်။ တော်ရုံကျန်းမာရေးကိစ္စတွေကို အောင့်အီးသည်းခံနေကြတယ်။ အမှန်တကယ် ဆေးခန်းပြဖို့သွားရမယ်ဆိုရင်တောင် လမ်းအခြေအနေကြောင့် အိမ်မှာကြိတ်မှိတ်ပြီးတော့ ဆေးမြီးတိုနဲ့ကုနေရတယ်ဟုပြောသည်။

စစ်တွေမှ ပြေးဆွဲရန် ရပ်နားထားရသည့် ရေကြောင်း ခရီးစဉ်များမှာ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်၊ စစ်တွေ- မြောက်ဦး၊ စစ်တွေ-ပေါက်တော-မင်းပြား၊ စစ်တွေ-ကျောက်ဖြူ-ရမ်းဗြဲ- ကျောက်နီမော်-တောင်ကုတ်တို့ဖြစ်သည်။

အဆိုပါ ရေကြောင်းခရီးစဉ်များကို စစ်တွေ ဆတ်ရိုးကျ ချောင်းဝအထွက်၌တပ်စွဲထားသည့် ဌာနဆိုင်ရာ စစ်ဆေးရေးဂိတ်အရာရှိက ယမန်နေ့ ဇွန်လ ၂၄ ရက် နံနက်တွင် အမြန်ရေယာဉ်လိုင်းများကို ရပ်နားထားရန် ဖုန်းဆက်အကြောင်းကြာလာသည့်အတွက် ယမန်နေ့မှစတင်ကာ ရပ်နားထားရခြင်းဖြစ်သည်ဟု အမြန်ရေယာဉ်လိုင်း တာဝန်ရှိသူများက ပြောသည်။

အမြန်ရေယာဉ်လိုင်းများကို စစ်ဆေးရေးဂိတ်အရာရှိမှ မည်သည့်အချိန်တွင် ပြေးဆွဲခွင့်ပေးမည်ဆိုသည်ကို မပြောလာသေးသည့်အတွက် မည်သည့်အချိန်ထိ ရေယာဉ်လိုင်းများ ရပ်နားထားရမည်ဆိုသည်ကို မသိရသေးဟု ရေယာဉ်လိုင်း တာဝန်ခံများက ဆိုသည်။

လက်ရှိတွင် အမြန်ရေယာဉ်လိုင်းများအပြင် စစ်တွေမြို့ကို ဝင်ထွက်မည့် အခြားကျေးရွာများမှ ပြေးဆွဲနေသည့်လိုင်းဘုတ်များကိုပါ ပိတ်ထား၍ ကုန်သည်များတွင် ကုန်စည်ကူးသန်းရောင်းဝယ်ရာ၌ အခက်အခဲများဖြင့် ကြုံတွေ့နေရသည်ဟု သိရသည်။

စစ်တွေတွင် ဇွန်လ ၂၃ ရက်က စစ်ကောင်စီအရာရှိ ၁ ဦးနှင့် တပ်သား ၁ ဦးကို AA ကဖမ်းဆီးသွားသည်ဟုသတင်းထွက်ပြီးနောက် စစ်တွေတွင် ယင်းနေ့ ညအချိန်၌ သေနတ်သံများထွက်ပေါ်ခဲ့သလို ယမန်နေ့အထိ ဒေသခံ ၉ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသည်ဟု မြို့ခံများက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သားများမှာ စစ်တွေမြို့တွင် လုံခြုံရေးများတိုးချဲ့ချထားပြီး စစ်တွေမြို့အဝင် ဂိတ်တွင်လည်း စစ်ဆေးမေးမြန်းမှုများရှိသည့်အတွက် တခြားမြို့သို့သွားလာသည့် ယာဉ်အသွားအလာများလည်း နည်းနေသည်ဟု မြို့ခံများက ပြောသည်။ (NN-3)

ဆက်စပ် သတင်းများ