တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းကို စစ်ကောင်စီကနှစ်ပတ်ကြာ ပိတ်ထား၍ ဒေသခံများအန္တရာယ်များသည့်ရေလမ်းကိုအသုံးပြုနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 560

နိရ ဉ္စရာ၊ ဇူလိုင် ၂/၂၀၂၂
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့မှ ပုဏ္ဏားကျွန်းမြို့ကို ဆက်သွယ်ထားသည့် ကားလမ်းကို စစ်ကောင်စီက ၂ ပတ်ကြာသည်အထိ ပြန်မဖွင့်ဘဲ ပိတ်ပင် ထားသဖြင့် ဒေသခံများအနေဖြင့် စစ်တွေသို့သွားရာတွင် မိုးရာသီအတွင်း အန္တရာယ်များသည့် ရေလမ်းကို အသုံးပြု သွားလာနေရသည်ဟု သတင်းရရှိသည်။
ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်က ပုဏ္ဏားကျွန်းမြို့မှ စစ်ကောင်စီတပ်သားတစ်ဦးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးခဲ့ပြီးသည့်နောက် ယင်းလမ်းကို ယနေ့ ဇူလိုင်လ ၂ ရက်အထိ စစ်ကောင်စီဘက်မှ ပိတ်ပင်ထားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
လက်ရှိတွင် အဆိုပါကားလမ်းကိုပိတ်ထား၍ ရသေ့တောင်ဒေသခံများမှာ လှိုင်းထန်သည့် မိုးရာသီတွင် ရေလမ်းကိုသာ အသုံးပြု၍ အန္တရာယ်ကြားမှ သွားလာနေရကြောင်း ဒေသခံများက ပြောကြားသည်။
ယင်းအပြင် အဆိုပါလမ်းကိုအမှီပြု၍ စားဝတ်နေရေးကိုဖြေရှင်းနေရသည့် ကားသမားများတွင် အခက်အခဲများနှင့်ကြုံရကြောင်း ရသေ့တောင်-ပုဏ္ဏားကျွန်းကားသမားတစ်ဦးက ပြောသည်။
"အခက်အခဲတွေကတော့ မျိုးစုံပါပဲ။ သူတို့ကိုမေးရင်တော့ နောက်တစ်ရက်၊ နှစ်ရက်နေရင် သွားရမယ်ဆိုပြီးပဲပြောတယ်။ စားဝတ်နေရေးကတော့ ကျပ်ကြတယ်။ ကားထွက်မှစားရတာကိုး။ ကားမထွက်ရတော့ အဆင်မပြေဘူး။ ငတ်လုနီးနီးဖြစ်သွားတဲ့တချို့လည်းရှိတယ်။ ကားဝယ်ထားတာ ကားအကြွေး ဆပ်ရတာလည်းရှိသေးတော့ လကုန်ရင် ကားမထွက်ရင် ပိုက်ဆံဆပ်ဖို့ အခက်ဖြစ်ကြတယ်" ဟုပြောသည်။
အဆိုပါကားလမ်းပိတ်ထားသည့်အတွက် ရသေ့တောင်- ရေချမ်းပြင်(စစ်တွေ) ရေကြောင်းလမ်းကိုသာ အသုံးပြုနေရ၍ကုန်စည်စီးဆင်းမှုပုံမှန်ရှိသော်လည်း ကုန်စျေးနှုန်းများမြင့်တက်လျက်ရှိနေကြောင်း ရသေ့တောင်မြို့မှ ဆိုင်သည် တစ်ဦးကပြောသည်။
"ဆိုင်သည်တွေမှာလည်း အဲဒီ(ရေချမ်းပြင်)ဘက်က တင်ရင် စရိတ်စက အရမ်းများတယ်။ အရင်ကားလမ်းနဲ့သယ်တဲ့ပစ္စည်းတစ်ခုက ရေချမ်းပြင်ဘက်က တင်တဲ့အခါ စျေးနှုန်းက ၃ ထောင်နီးပါး ကွာသွားတာတွေရှိတယ်" ဟုပြောသည်။
ထို့အပြင် အဆိုပါလမ်းပိတ်ထားသဖြင့် ရသေ့တောင်မြို့တွင် အောက်တိန်းဆီတစ်လီတာကို ကျပ် ၃၂၀၀ ကျော်ဝန်းကျင်ဖြင့် ဝယ်ယူသုံးစွဲနေရကြောင်း ဒေသခံများက ပြောသည်။
ပုဏ္ဏားကျွန်းတွင် ဇွန်လ ၁၆ ရက်က စစ်ကောင်စီတပ်ဖွဲဲ့ ၁ ဦးနှင့် စစ်တွေတွင် ဇွန်လ ၂၃ ရက်က စစ်ကောင်စီအရာရှိ ၁ ဦးနှင့် တပ်သား ၁ ဦးတို့ကို AA က ဖမ်းဆီးသွားပြီးနောက် ယခုကဲ့သို့ ပုဏ္ဏားကျွန်းနှင့် စစ်တွေတွင် ကားလမ်းနှင့် ရေလမ်းကြောင်းတို့ကို ပိတ်ပင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
စစ်တွေမြို့မှ အခြားမြို့နယ်များသို့ပြေးဆွဲသည့် ရေယာဉ်လိုင်း အသီးသီးကိုလည်း ဇွန်လ ၂၄ ရက်မှစတင်ကာ ၈ ရက်ကြာရပ်နားခိုင်းခဲ့ပြီး ယမန်နေ့ကမှ ပြန်လည်ပြေးဆွဲခွင့်ပေးခဲ့သည်။ (NN-8)

ဆက်စပ် သတင်းများ