စနေ၊ အောက်တိုဘာလ ၂၆ရက်၊ ၂၀၂၄

ဖမ်းဆီးခံထားရသည့် ကျောက်ဖြူမှ ဟင်းသီးဟင်းရွက်ဈေးသည်များ၊ လှေသမားများနှင့် ကုန်ထမ်းသူ ၃၀ ခန့် အာမခံဖြင့် ပြန်လွတ်လာ


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၀၆ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့သို့ဟင်းသီးဟင်းရွက်လာရောင်းစဥ် စစ်ကောင်စီကဖမ်းဆီးခဲ့သည့်ဈေးသည် ၃၀ခန့်ကို အာမခံဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်းဒေသခံများကပြောသည်။

ဖမ်းဆီးခံရပြီးနောက်ပြန်လွတ်လာသည့်ဈေးသည်များနှင့်ကုန်ထမ်းသူများသည်ကျောက်ဖြူမြို့နယ်၊အုန်းတော၊ဂုံးချွိန်၊လိပ်ခုံမော်ကျေးရွာနှင့်တောင်ရင်းရပ်ကွက်တို့မှဖြစ်သည်။

၎င်းဈေးသည်များနှင့်ကုန်ထမ်းများသည်ယမန်နေ့ဒီဇင်ဘာလရက်၊နံနက်ပိုင်းက၎င်းတို့ကျေးရွာများမှ ကျောက်ဖြူမြို့သို့ ဟင်းသီးဟင်းရွက် ရောင်းချရန် လာစဥ် အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ) အနောက်ဘက်တွင် အဖမ်းခံလိုက်ရခြင်း ဖြစ်ပြီး၎င်းတို့ကို ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ ခေါ်ဆောင်သွားခဲ့သည်။

ယင်းနောက်တွင် ၎င်းတို့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို ကျောက်ဖြူထွေအုပ်ရုံးမှ ခေါ်ယူကာ ၎င်းဈေးသည်များ နောက်ထပ်ဝင်မလာစေရန် အာမခံခိုင်းခဲ့ခြင်းဖြစ်သည်ဟု ဂုံးချွိန်ကျေးရွာမှဒေသခံတစ်ဦးကပြောသည်။

"ဒီလူတွေကိုအခုသွားနေတဲ့လမ်းကြောင်းတွေက လွှတ်မပေးနဲ့။နောက်တစ်ခါဒီလိုမလာစေဖို့ကိုကတိကဝတ်ပြုရတယ်လို့ပြောတယ်။လှေသမားတွေ၊ဈေးသည်တွေ၊ကုန်ထမ်းသမားတွေရောပါတယ်။နှုတ်နဲ့ပဲကတိကဝတ်ပြုခဲ့ကြရတာပါ" ဟုပြောသည်။

ထို့ကြောင့်ယမန်နေ့ နေ့လယ်နာရီကျော်ခန့်တွင် ဖမ်းဆီးခံထားရသူများကို ပြန်လွှတ်ပေးလိုက်ကာ ဟင်းသီးဟင်းရွက်များကိုလည်း အဆိုပါထွေအုပ်ရုံးရှေ့တွင် ရောင်းချခွင့်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါကျေးရွာများမှဖမ်းဆီးခံခဲ့ရသူများသည်စစ်ကောင်စီကပိတ်ဆို့ထားသည့်ကျောက်ဖြူမြို့အဝင်ကျောက်တစ်လုံးစစ်ရေးဂိတ်မှမဟုတ်ဘဲအုန်းတောကျေးရွာကနေတောင်ရင်းရပ်ကွက်သို့လှေဖြင့်လာရောက်ကာရောင်းချနေကြခြင်းဖြစ်သည်။

ရခိုင်တွင်တကျော့ပြန်တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည့်နိုဝင်ဘာလ၁၃ရက်မှစ၍ကျောက်ဖြူမြို့ကိုမြို့အဝင်အထွက်ကုန်းလမ်း၊ရေလမ်းကြောင်းများနှင့်ကျေးရွာချင်းဆက်လမ်းများအားလုံးကိုစစ်ကောင်စီကပိတ်ဆို့ထားသည်။


ကျောက်ဖြူမြို့ပေါ်တွင်ဟင်းသီးဟင်းရွက်စိုက်ပျိုးရောင်းချသူများမရှိ၍အုန်းတော၊ဂုံးချွိန်၊မလကျွန်းနှင့်အစရှိသည့် ကျေးရွာတို့မှ ဟင်းသီးဟင်းရွက်ဈေးသည်များကို အားထားနေရသည်ဟုလည်းဒေသခံများကပြောသည်။

ရခိုင်တွင် စစ်ကောင်စီက အရပ်သားများကို ဖမ်းဆီးမှုများဆက်တိုက်လုပ်နေပြီး နိုဝင်ဘာလ ၁၃ ရက်မှစ၍ ဖမ်းဆီးခံရသည့်အရပ်သား ၁၀၀ ဦးထက် မနည်းရှိနေကြောင်း သိရသည်။ (NN-8)

ဆက်စပ် သတင်းများ