သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ရခိုင်ငှက်သိုက်လုပ်ငန်းကုန်ကြမ်းအဖြစ်သာထုတ်လုပ်နိုင်သေး၍ ကုန်ချောအဖြစ် ထုတ်လုပ်နိုင်ရန် နည်းပညာအကူညီများလိုအပ်နေ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၂၃ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 5.5k

ရခိုင်ပြည်နယ်တွင် ဇီဝဇိုးငှက်မွေးမြူရေးနှင့် သဘာဝငှက်သိုက်လုပ်ငန်းများကို စတင် လုပ်ကိုင်လာနေကြသော်လည်း ထွက်ရှိလာသည့်ငှက်သိုက်များကို ကုန်ကြမ်းအဖြစ်သာ ထုတ်လုပ်နိုင်သေးပြီး ကုန်ချောအဖြစ်ထုတ်လုပ်လာနိုင်ရန် အကူညီများစွာ လိုအပ်နေကြောင်း လုပ်ငန်းရှင်များက ပြောသည်။

ငှက်သိုက်များကို ကုန်ချောအဖြစ်ထုတ်လုပ်နိုင်ရန် အစိုးရ၏ပံ့ပိုးမှုအပြင် နည်းပညာ အကူအညီများလည်း လိုအပ်နေကြောင်း ငှက်သိုက်လုပ်ကိုင်နေသူများက ပြောသည်။

"ကျွန်တော်တို့က ငှက်သိုက်ကို ကုန်ကြမ်းအတိုင်းပဲ ပြန်ရောင်းနေရဆဲအခြေအနေပေါ့။ ပလတ်စတစ် ဗူးလေးတွေတွေနဲ့ တကျပ်သား၊ နှစ်ကျပ်သားပေါ့။ အော်ဒါမှာတဲ့သူတွေကိုပို့ နေရတဲ့အခြေအနေ ရှိတယ်။ ရခိုင်တပြည်နယ်လုံးအတိုင်းအတာနဲ့ ကုန်ချောအဖြစ်ထုတ်နိုင်ရင်တော့ ပိုကောင်းမှာပေါ့။ ဒါကလည်း အကူညီတွေအများကြီးလိုအပ်နေပါသေးတယ်" ဟု ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ KSW သဘာဝငှက်သိုက်လုပ်ငန်းရှင် ဦးကျော်စွာဝင်းက နိရဥ္စရာသို့ပြောသည်။

ကျောက်ဖြူမြို့တွင် KSW အပါအဝင် နှင်းတောင်စသည့် ဇီဝဇိုးငှက်မွေးမြူရေးလုပ်ငန်း ၄ ခုထိရှိပြီး တချို့မှာ လွန်ခဲ့သည့် ၇ နှစ်ခန့်ကပင် စတင်လုပ်ကိုင်လာခြင်းဖြစ်ကြောင်းသိရသည်။




သို့သော်လည်း ယင်းလုပ်ငန်းများတွင် နှင်းတောင်ငှက်သိုက်လုပ်ငန်းကသာ ငှက်သိုက်ရည်ပုလင်း တမျိုးထုတ်လုပ်နိုင်ပြီး ကျန်လုပ်ငန်းများမှာ ငှက်သိုက်ကို ကုန်ချောအဖြစ်ထုတ်လုပ်နိုင်ရန် အကူညီများလိုအပ်နေဆဲဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။

ကျောက်ဖြူမြို့ရှိ ငှက်သိုက်လုပ်ငန်း ၄ ခုအနက် KSW သဘာဝငှက်သိုက်လုပ်ငန်းကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင်စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိ သုံးနှစ်တာကာလအတွင်း ဇီဝဇိုးငှက် ကောင်ရေ ၆၀၀ နှင့် ၇၀၀ လာရောက် နေထိုင်ကြပြီး  သုံးလတစ်ကြိမ်စီ ငှက်သိုက်တစ်ပိဿာနှုန်းနီးပါးရရှိနေကြောင်း သူက ဆက်ပြောသည်။

လုပ်ငန်းမှထွက်ရှိလာသည့် သဘာဝငှက်သိုက်ကုန်ကြမ်းများမှာ ကျောက်ဖြူမြို့ ဟိုတယ်နှင့် စားသောက်ဆိုင် လုပ်ငန်းစျေးကွက်များတွင် တကျပ်သားကို ၄ သောင်းကျပ်စျေး ပေါက်နေပြီး တစ်ပိဿာ၏ ကာလတန်ဖိုးမှာ ကျပ်သိန်း ၄၀ ခန့်အထိရှိကြောင်း ဦးကျော်စွာဝင်းက ပြောသည်။

ငှက်မွေးမြူရေးလုပ်ငန်းရှင်များမှာ သဘာဝအတိုင်းသွားလာကျက်စားနေသည့် ဇီဝဇိုးငှက်များအား ၄င်းတို့လာရောက်နေထိုင်နိုင်ရန် အဆင်သင့်လုပ်ထားသည့် အခန်းတစ်ခုအတွင်း စက်ကိရိယာများ တပ်ဆင်၍ အသံစနစ်ဖြင့် ခေါ်ယူမွေးမြူကာ ငှက်သိုက်များကိုထုတ်ယူနေခြင်းဖြစ်သည်။

ဦးကျော်စွာဝင်းက "ကျွန်တော်တို့ရခိုင်ဒေသက ပင်လယ်နားဒေသဖြစ်တော့ ဇီဝဇိုးငှက်တွေက သဘာဝအတိုင်းရှိနေကြတယ်။ သူတို့ကို ကျွန်တော်တို့က အခန်းလွတ်တစ်ခုပေါ့။ သူတို့နေထိုင်နိုင်မယ့် အခန်းတစ်ခု အရင်ဖန်တီးပေးရတယ်။ ပြီးတော့ အဲဒီမှာ သူတို့နေထိုင်နိုင်ဖို့ အခင်းကျင်းတွေ ဆင်ပေးရတယ်။ သူတို့လာအောင် စက်တွေနဲ့ ငှက်သံတွေပေးပြီးခေါ်ရတယ်။ လာနေတဲ့ငှက်တွေက ငှက်သိုက်တွေထုတ်တယ်။ အဲဒီလိုမျိုးပေါ့" ဟု ပြောသည်။

အဆိုပါ ပြင်ဆင်ထားသော ကွန်ကရစ်အခန်းတွင် ငှက်များခြေကုပ်နေထိုင်နိုင်ရန် မျက်နှာကြက်များတွင် သစ်သားများ တပ်ဆင်ပေးထားရကြောင်းလည်း သူကပြောသည်။

ငှက်ခေါ်အသံစနစ် စက်ကိရိယာ၊ ရေငွေ့ပေးစက်၊ အခန်းအပြင်ဆင်များအားလုံးကို ကျပ်သိန်း ၁၀၀ ကျော်ခန့်ကုန်ကျခံတပ်ဆင်ပြီး ၄င်း၏ ငှက်မွေးမြူရေး လုပ်ငန်းစတင်ခဲ့ခြင်းဖြစ်ကြောင်း ဦးကျော်စွာဝင်းက ပြောသည်။

ပင်လယ်ကမ်းရိုးတစ်ခုဖြစ်သည့်ရခိုင်ဒေသသည်လည်း ဇီဝဇိုးငှက်များ ကျက်စားနေထိုင်လေ့ရှိသည့် ဒေသဖြစ်သည့်အတွက် သဘာဝငှက်သိုက်လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်လာခြင်းဖြင့် ဒေသတွင် စီးပွားရေးများကောင်းမွန်လာနိုင်ကြောင်း ဦးကျော်စွာဝင်းက ဆက်ပြောသည်။

"ဒီငှက်သိုက်လုပ်ငန်းကို ဒီ့ပြင်လူတွေလည်း မွေးမြူစေချင်တယ်။ ရခိုင်က တခြားမြို့နယ်တွေမှာလည်း ဒီငှက်တွေရှိကြပါတယ်။ ရခိုင်မြို့နယ်တိုင်းမှာလိုလို ရှိကြတာပါ။ သူ့ကို သီးသန့်အဆောက်အဦ ဆောက်ပြီးတော့ မွေးမယ်ဆိုရင်တော့ အခုကာလအဆောက်အဦကုန်ကျစရိတ်က သိန်းထောင်ချီ သွားမှာပေါ့။ ဒါပေမယ့် ရှိပြီးသားအဆောက်အဦတွေ၊ အသုံးမပြုတဲ့အထပ်တွေမှာ ဒီလုပ်ငန်းကို လုပ်လာကြမယ်ဆိုရင် ကျွန်တော်တို့ရခိုင်ပြည်နယ်ရဲ့ ဝင်ငွေတိုးလာမှာတော့သေချာတယ်" ဟု သူကပြောသည်။

ဇီဝဇိုးငှက်များသည် အသိုက်ကို ဂူနံရံများ၊ ကျောက်ဆောင်မြင့်များတွင်တည်ဆောက်လေ့ရှိပြီး အသိုက်ကိုအန်ဖတ်ဖြင့်ပြုလုပ်လေ့ရှိရာ ထိုအသိုက်ကို ငှက်သိုက်ဟု ခေါ်ကြခြင်းဖြစ်သည်။

အဆိုပါငှက်သိုက်တစ်ခု၏အရွယ်အစားမှာ ကန့်လန့်ဖြတ်အားဖြင့် ၂ လက်မမှ ၃ လက်မထိရှိ၍ စောက် ၁ လက်မရှိပြီး ဧပြီလလယ်လောက် ဥဥချိန်တွင် အသိုက်တစ်မြုံလျှင် ဥနှစ်လုံးစီရှိကြောင်း သိရသည်။

ငှက်သိုက်ကို နာတာရှည် ရောဂါရှိသူများ၊ သက်ကြီးရွယ်အိုများ၊ အင်အားကုန်ခမ်းနေသူများကို ငှက်သိုက်ပေါင်း ကျွေးခြင်းဖြင့် အားအင်ပြန်လည်ပြည်ဖြိုးစေကြောင်း သိရသည်။

အဆိုပါသဘာဝ ငှက်သိုက်သည် ပရိုတင်း ဓာတ်ကြွယ်ဝပြီး အာဟာရဓာတ်များစွာပါဝင်သောကြောင့် ခေတ်မီနည်းနှင့် သန့်စင်ထားသော ငှက်သိုက်ရည်ကို ဆေးဖက်ဝင် အခြားပစ္စည်းများနှင့် ပေါင်းစပ် သောက်ခြင်းဖြင့် အဆုတ်ကို အားကောင်းစေသလို ချောင်းဆိုး၊ အအေးမိနှင့် တုပ်ကွေးရောဂါများကိုလည်း သက်သာ ပျောက်ကင်းစေနိုင်ကြောင်း သိရသည်။

ဇီဝဇိုးငှက်ကို အပူပိုင်းဒေသကျွန်းစုနှင့် ပင်လယ်ကမ်းရိုးတန်းများတွင်တွေ့ရပြီး မြန်မာနိုင်ငံတွင် ပုသိမ်အနောက်ဘက် ကမ်းခြေအလွန်ရှိ ကျွန်းများ၊ တနင်္သာရီကမ်းခြေနှင့် မြိတ်ကျွန်းစုတို့တွင် အနှံ့အပြားတွေ့ရကြောင်း သိရသည်။

ငှက်သိုက်များသည် ပြည်တွင်းတွင် အသုံးပြုရုံသာမက ပြည်ပသို့ပါ တင်ပို့ရောင်းချနေရသည့်အတွက် နိုင်ငံခြားဝင်များလည်းရရှိစေသည့် သဘာဝဇီဝသယံဇာတများဖြစ်ကြောင်း သိရသည်။ 

ဓာတ်ပုံ - KSW သဘာဝငှက်သိုက်လုပ်ငန်း၏ ငှက်မွေးမြူထားသည့်အခန်းကိုတွေ့ရစဉ်/ ပေးပို့

ဆက်စပ် သတင်းများ