ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၃၀ရက်၊ ၂၀၂၄

အဖွဲ့အစည်းပေါင်း ၁၉၅ ဖွဲ့​၏ ထုတ်ပြန်ချက်တွင် အချက်အလက်အချို့ မှားယွင်းနေပြီး မဟုတ်မမှန်သတင်းများ၊အခြေအမြစ်မရှိသော တစ်ဖက်သတ်စွပ်စွဲချက်များနှင့် နိုင်ငံတကာက အထင်အမြင်လွဲနိုင်သည့်အသုံးအနှုန်းများ ဖော်ပြထားသဖြင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ( ULA)က အပြင်းအထန်ကန့်ကွက်ကြောင်း ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 4.8k

အိမ်စိုးဖြူ

နိရဉ္စရာ၊ မေ ၂၅/ ၂ဝ၂၄

အာရက္ခတပ်တော် (AA) နှင့် ပတ်သက်၍ အခြေအမြစ်မရှိ၊ မှားယွင်းစွာထုတ်ပြန်ချက်ထုတ်ထားသည့် အဖွဲ့အစည်း ၁၉၅ ဖွဲ့၏ ထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်း နှင့် အချို့ အသင်းအဖွဲ့များမှာ သဘောထားဆန္ဒမပါဘဲ ထည့်သွင်းခံရသည့် အဖွဲ့အစည်းများရှိပါက ရှင်းလင်းပေးကြရန် AA က ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည် ဘူးသီးတောင်မြို့နယ်နှင့်ပတ်သက်၍ အဆိုပါ ၁၉၅ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ULA/AA ကို “ ရိုဟင်ဂျာများအပေါ် ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများမပြုလုပ်ပါဟု ထုတ်ပြန်ထားသောလည်းလက်ရှိမြေပြင်တွင် တပ်တော် လက်အောက်ခံ စစ်သားများက ကျူးလွန်နေသည်ဟု စွပ်စွဲခံထားရသော ကိစ္စများရှိနေသည်” စသည့် စွပ်စွဲချက်ပါ ထုတ်ပြန်ချက်ကို မေလ ၂၂ ရက်နေ့က အဖွဲ့အစည်း၁၉၅ဖွဲ့  အမည်ဖြင့်ထုတ်ပြန်ခဲ့သည်။ 

ယင်းနောက်တွင် အဖွဲ့အစည်းတချို့က ၎င်းတို့၏ ဆန္ဒမပါဘဲ ထုတ်ပြန်ထားသည့်အတွက် ပုဂ္ဂိုလ်ရေးနုတ်ထွက်ခြင်း၊ အသင်းအဖွဲ့အလိုက်နုတ်ထွက်ခြင်းများနှင့် ULA/AA ထံ အကြောင်းကြားခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

GSC အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးကျော်ကိုကိုကလည်း ၎င်း၏ လူမှု့ကွန်ရက်ကတဆင့် အဆိုပါ ထုတ်ပြန်ချက်တွင် GSC ၏ ပါဝင်မှုအတွက် ပါတီဝင်များက ပါဝင်ရန်ဆွေးနွေးငြင်းဆိုခဲ့ကြပြီး အဆင်သင့်မဖြစ်သေးချိန်တွင် ထုတ်ပြန်ချက်တွင် ပါဝင်ခဲ့သဖြင့် GSC ကြေညာချက်တွင် ပါဝင်မှုကို ထုတ်ပယ်ရန် တောင်းဆိုထားသည်ကိုတွေ့ရသည်။

ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး(AASYC) ကလည်း အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ GSC နှင့် မိတ်ဖက်အဖြစ်မှ ယာယီ ရပ်နားလိုက်သည်ကို တွေ့ရသည်။

မေလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ(တကသများ- ရန်ကုန်) ကလည်း အဆိုပါ ၁၉၅ ဖွဲ့၏ ထုတ်ပြန်ချက်ပါ အချက်အလက်အချို့မှာ ကွဲလွှဲမှုများ၊ ရှုပ်ထွေးမှုများရှိနေပြီး တိကျခိုင်မာမှုအားနည်းသည်ကိုတွေ့ရသဖြင့် နုတ်ထွက်ကြောင်း ထုတ်ပြန်လာခဲ့သည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) က “ အဖွဲ့အစည်းပေါင်း (၁၉၅) ဖွဲ့၏ရက္ခိုင်ပြည်မြောက်ဘက်အခြေအနေများနှင့်ပတ်သက်၍ ပူးတွဲသဘောထား ထုတ်ပြန်ချက်တစ်စောင်ကို ၂၀၂၄ ခုနှစ်၊ မေလ (၂၂) ရက် နေ့စွဲဖြင့်တွေ့ရှိရပါသည်။ ၎င်းထုတ်ပြန်ချက်တွင်ပါရှိသော အချက်အလက်အချို့မှာ မှားယွင်းနေပြီး မြေပြင်ပကတိအချက်အလက်များနှင့် ကွဲလွဲမှုများရှိနေပါသည်။ ထို့အပြင် မဟုတ်မမှန် သတင်းများနှင့်အခြေအမြစ်မရှိသော တစ်ဖက်သတ်စွပ်စွဲချက်များ၊ မိမိတို့အဖွဲ့အစည်းအပေါ် နိုင်ငံတကာမှ အထင်အမြင်လွဲမှားအောင်ပြုလုပ်သော အသုံးအနှုန်းများကိုပါ ထည့်သွင်းရေးသားထားခြင်းများကို ပြင်းထန်စွာကန့်ကွက်ပါသည်။” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ဆက်စပ် သတင်းများ