တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

အာဆာဖမ်းဆီးသွားသည့် မောင်တောမှ မွတ်ဆလင်စီးပွားရေးသမား ၂ ဦးအနက် ၁ ဦးကို လွှတ်ပေးပြီး ကျန်တစ်ဦးအတွက် မိသားစုများစိုးရိမ်


  • ရေးသူ: Web Master (NN 16)
  • | ရက်စွဲ: ၁၂ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 921

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ပြီးခဲ့သည့်ဩဂုတ်လက အာဆာ (ARSA) အကြမ်းဖက်အဖွဲ့ က ကားကိုမီးရှို့ပြီး ဖမ်းဆီးသွားသည့် မွတ်ဆလင် စီးပွားရေးသမား နှစ်ဦးအနက် ၁ ဦးကို ပြန်လွှတ်ပေးလိုက်ပြီး ကျန်တစ်ဦးမှာ ပျောက်ဆုံးနေကာ လက်ရှိ အချိန်ထိ အဆက်အသွယ်မရသဖြင့် မိသားစုများ စိုးရိမ်နေကြောင်း သူတို့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

လွတ်မြောက်လာသူမှာ မောင်တောမြို့နယ်မြောက်ပိုင်း၊ စံပယ်ကုန်းကျေးရွာမှ ဦးအာရာဖတ်(၃၄)နှစ်ဖြစ်ပြီး လက်ရှိအချိန်ထိ မိသားစုနှင့် အဆက်အသွယ်မရ ပျောက်ဆုံးနေသူမှာ ဦးဆာလာမန်ခန်း(ခေါ်)ဦးလှဝင်း (၃၂)နှစ် ဖြစ်သည်။

သူတို့ နှစ်ဦးသည် သြဂုတ်လ ၁၂ ရက်၊ ညနေ ၆ နာရီခန့်တွင် စံပယ်ကုန်းကျေးရွာမှ ကြိမ်ချောင်းကျေးရွာသို့ အိမ်စီးကားတစ်စီးဖြင့်သွားစဉ် လောင်းဒုံနှင့် ကြိမ်ချောင်းကျေးရွာကြား လမ်းဘေး၌ ARSA အကြမ်းဖက်အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းပြီး သူတို့စီးလာသည့်ကားကိုလည်း ARSA အဖွဲ့က မီးရှို့သွားခဲ့ကြောင်း မျက်မြင်များက ပြောသည်။

ဖမ်းဆီးခံခဲ့ရသည့် ဦးလှဝင်းသည် ငါးပုစွန်လုပ်ကိုင်သူဖြစ်ပြီး ဦးအာရာဖတ်မှာ ဦးလှဝင်းနှင့်အတူ အလုပ်လုပ်နေသူဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။

ဦးအာရာဖတ်သည် ဖမ်းဆီးခံရပြီးနောက် တစ်ပတ်ခန့်အကြာတွင် လွတ်မြောက်ခဲ့ခြင်းဖြစ်ပြီး  လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်ဟု သူနှင့်နီးစပ်သူက  နိရဥ္စရာကို အတည်ပြု ပြောကြားသည်။

“သူ့ကိုလွှတ်တာကတော့ ဖမ်းဆီးပြီးတော့ တစ်ပတ်လောက်အကြာမှာ လွှတ်ပေးလိုက်တာပါ။ ဒါပေမဲ့ ဒီမှာ ရွာကိုလာမယ်ဆိုရင် ဌာနပေါင်းစုံက စစ်ဆေးမယ်။ အဲဒါ သူက ကြောက်ပြီးတော့ သွားတာဖြစ်မယ်။ ဘယ်မှာလွှတ်ပေးလိုက်တယ်ဆိုတာတော့

ကျနော်တို့လည်းမသိဘူး။ ဒါပေမဲ့ သူက ဒုက္ခသည်စခန်းကိုရောက်နေပြီဆိုတာကို ကျနော်တို့ အတိအကျသိတာပါ”ဟု ပြောသည်။

သူ၏လုံခြုံရေးအခြေအနေကြောင့် သူ လက်ရှိခိုလှုံနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်း၏ အမည်ကို ဖော်ပြနိုင်ခြင်းမရှိပါ။

လက်ရှိတွင် ဦးဆာလာမန်ခန်း(ခေါ်)ဦးလှဝင်းကို ARSA က အဖွဲ့က ပြန်လွှတ်ပေးခြင်းမရှိသေးသလို သူနှင့် အဆက်အသွယ်လည်း ယနေ့ထိ မရရှိကြသည့်အတွက် သူ၏အသက်အန္တရာယ်ကို မိသားစုများ အလွန်တရာစိုးရိမ်နေကြသည်ဟု သိရသည်။ (NN-16)

ဓာတ်ပုံ - ARSA က မီးရှို့ခဲ့သည့် ဦးလှဝင်း၏ကားအား တွေ့ရစဉ်။ Photo - လူမှုကွန်ရက်

ဆက်စပ် သတင်းများ