- Web Master
- ၂၁ ဖေဖော်ဝါရီ ၂၀၂၃
အောက်တိုဘာ ၅ ရက် (နိုင်ငံတကာ)
လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌသစ် ဖူမီကို ခီရှီဒါ (Fumio kishida) သည် အယောက် ၁၀၀ မြောက် ဂျပန်ဝန်ကြီးချုပ် ဖြစ်လာကြောင်း ဆင်ဟွာသတင်းဌာနက သတင်းဖော်ပြသည်။
အောက်တိုဘာ ၄ ရက် ညနေပိုင်းက ဖူမီကို ခီရှီဒါသည် ဂျပန်နိုင်ငံ၏ အယောက် (၁၀၀)မြောက် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရကြောင်း၊ ၎င်းသည် ဝန်ကြီးချုပ်အဖြစ် အရွေးခံရပြီးနောက် အစိုးရသစ် ချက်ချင်းဖွဲ့စည်းခဲ့ကြောင်း၊ အစိုးရအဖွဲ့အတွင်းရေးမှူးချုပ် Hirokazu Matsunoက အစိုးအဖွဲ့ဝင်အမည်စာရင်းကို ဝန်ကြီးချုပ် အိမ်တော်တွင် ကြေညာခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။
ယင်းနေ့ညပိုင်းက ဂျပန်ဘုရင့်နန်းတော်တွင် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ ခန့်အပ်သည့် အခမ်းအနားကို ကျင်းပခဲ့ပြီး အစိုးရအဖွဲ့သစ်ကို တရားဝင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ယခင် အစိုးရအဖွဲ့၏ အဖွဲ့ဝင် ဝန်ကြီး ၃ ဦး အစိုးရအဖွဲ့သစ်တွင် ပြန်လည်ပါဝင်ခဲ့ရာ ၎င်းတို့အနက် နိုင်ငံခြားရေးဝန်ကြီးToshimitsu Motegiနှင့် ကာကွယ်ရေးဝန်ကြီး Nobuo Kishi တို့ကို မူလနေရာတွင် ထားရှိပြီး မူလ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစားနှင့် သိပ္ပံနည်းပညာ ဝန်ကြီးKōichi Hagiudaကို စီးပွားရေး၊ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့ကြောင်း သိရသည်။
ဖူမီကို ခီရှီဒါ၏ ဝန်ကြီးအဖွဲ့တွင် အဖွဲ့ဝင် စုစုပေါင်း ၂၀ ဦး ရှိရာ ၎င်းတို့အနက် ၁၃ ဦးမှာ ပထမဆုံး အစိုးရအဖွဲ့ ဝင် ဝန်ကြီးဖြစ်လာပြီး အမျိုးသမီးဝန်ကြီး ၃ ဦး ပါဝင်ကြောင်း သိရသည်။
ဝန်ကြီးအဖွဲ့ ဖွဲ့စည်းပုံသည် ဖူမီကို ခီရှီဒါ၏ သဘောဆန္ဒကို ထင်ဟပ်စေကြောင်း သတင်းက ဖော်ပြသည်။
အဖွဲ့ဝင်စီမံခန့်ခွဲမှုကတစ်ဆင့် ဖူမီကို ခီရှီဒါ၏ စီးပွားရေး၊ သံတမန်ရေးနှင့်လုံခြုံရေးစသည့် ကဏ္ဍများတွင် ရှင်ဇိုအာဘေးနှင့် ယိုရှီဟီဒဲဆူဂါ၏လမ်းစဉ်အတိုင်း လျှောက်ဖွယ်ရှိရာ အပြောင်းအလဲကြီးကြီးမားမား မရှိနိုင်ဟု သုံးသပ်သူတစ်ချို့က ယူဆကြသည်။
အောက်တိုဘာ ၄ ရက် နံနက်ပိုင်းတွင် ယိုရှီဟီဒဲဆူဂါ အစိုးရအဖွဲ့သည် ယာယီအစိုးရအဖွဲ့အစည်းအဝေးတွင် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။