တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

၁ လကြာဖမ်းဆီးခံရပြီးနောက် အဘောင်သားကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားတစ်ဦးပြန်လွတ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 5.6k

နိရဥ္စရာ၊ ဇူလှိုင် ၂/၂၀၂၂
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာမှ အဘောင်သား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားတစ်ဦးတို့သည် ၁ လကြာဖမ်းဆီးခံရပြီးနောက် လွတ်မြောက်လာပြီဟု သိရသည်။
လွတ်မြောက်လာသူများမှာ အဘောင်သားကျေးရွာအုပ်ချုပ်ရေးမှူး ခူမီးလူမျိုး ဦးသာထွန်းအောင်နှင့် ကျေးရွာသား ဦးအိုင်လှတို့ဖြစ်ပြီး သူတို့ကို ယမန်နေ့ ဇူလိုင်လ ၁ ရက်၊ နံနက် ၁၀ နာရီခန့်က စစ်တပ်ဘက်မှ ပလက်ဝမြို့ရဲစခန်းသို့လွှဲပြောင်းခဲ့ပြီးနောက် လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦးကနိရဉ္စရာသို့ပြောသည်။
"တူတူဖမ်းဆီးခံထားရတဲ့ ငါးယောက်အထဲမှာ ဦးချစ်စိန်တစ်ယောက်ပဲ ကျန်ခဲ့တယ်။ အုပ်ချုပ်ရေးမှူးနဲ့ အိုင်လှတို့က ကင်းလွတ်ပြီးတော့ အိမ်ကိုပြန်လွှတ်လိုက်ကြပြီ" ဟုပြောသည်။
သူတို့နှစ်ဦးနှင့်အတူဖမ်းဆီးခံခဲ့ရသည့် အသက် ၆၆ နှစ်အရွယ် ဦးချစ်စိန်မှာ ယခုထိ ပြန်လည်မလွတ်မြောက်လာသေးကြောင်း သိရသည်။
ဦးချစ်စိန်သည် အဘောင်သားရွာတွင် တောင်ယာလုပ်ငန်းလုပ်ကိုင်နေသူဖြစ်ကာ ဒူးမကောင်းသဖြင့် လမ်းလျှောက်ရာတွင် တုတ်ကိုအားပြု၍ သွားနေရသူဟု သိရသည်။
ကျန်းမာရေးအခြေအနေလည်း မကောင်းသဖြင့် လွန်စွာ စိတ်သောကရောက် ပူပန်နေရကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။
"သူက အသက်လည်းကြီးနေပါပြီ။ သူ့မှာစိတ်မနှံ့တဲ့သမီးအငယ်တစ်ယောက်လည်း ရှိတယ်။ အဲဒီကလေးကလည်း သူ့အဖေကိုရှာနေတာ တချိန်လုံး။ သူ့မိန်းမဆိုရင်လည်း သူ့ကြောင့် မစားနိုင်မသောက်နိုင် အိပ်ယာထဲမှာ လဲနေပြီ။ သူက အသက်လည်းကြ်ီးနေပြီ။ အလုပ်မရှိဘဲလည်း မနေနိုင်တော့ အဘောင်သားမှာ တောင်ယာလုပ်နေတာ" ဟုပြောသည်။
၎င်းဦးချစ်စိန်အား လက်ရှိတွင် ပလက်ဝအခြေစိုက် ၂၈၉ တပ်ရင်းတွင် ဖမ်းဆီးစစ်ဆေးလျက်ရှိမည်ဟု ဒေသခံများက ခန့်မှန်းပြောဆိုသည်။
၄င်းတို့ ၃ ဦးကို ပြီးခဲ့သည့် မေလ ၂၆ ရက်တွင် စစ်ကောင်စီတပ်များက အဘောင်သားကျေးရွာမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ယခုကိစ္စနှင့်ပတ်သက်၍ ပလက်ဝမြို့အုပ်ချုပ်ရေးမှူး၊ မြို့မရဲစခန်းနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့အား ဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိခဲ့ပါ။
ပြီးခဲ့သည့် မေလ ၂၆ ရက် နံနက် ၁ဝ နာရီခန့်က ပလက်ဝမြို့နှင့် တစ်မိုင်ခန့်ဝေးသည့် အဘောင်သား ကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာစစ်ကောင်စီတပ်တို့အကြား ၁ နာရီခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ၎င်းအရပ်သားများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ (NN-8)
ဓာတ်ပုံ - လူမှုကွန်ရက်

ဆက်စပ် သတင်းများ