တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်တွင် မုန်တိုင်းကြောင့် အရိပ်ရပင်များပျက်စီးသွား၍ ULA/AA က အစားထိုးစိုက်ပျိုးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

မိုခါမုန်တိုင်းကြောင့် ရခိုင်တွင် သစ်ပင်အများအပြား ပြိုလဲပျက်စီးသွားခဲ့သဖြင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)က ယခုအခါ အဆိုပါ နေရာများတွင် အရိပ်ရသစ်ပင်များကို အစားထိုးစိုက်ပျိုးနေသည်ဟု သိရသည်။

ဇွန်လ ၁၇ ရက်မှစတင်ကာ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာရှိ လမ်းတလျောက်တွင် အရိပ်ရသစ်ပင်များကို စတင်စိုက်ပျိုးနေခြင်းဖြစ်သည်ဟု ယမန်နေ့ ဇွန်လ ၂၀ ရက်၊ ညပိုင်း၌ ULA/AA က ထုတ်ပြန်ခဲ့သည်။



ရခိုင်တွင် ပြီးခဲ့သည့် မေလ ၁၄ ရက်က တိုက်ခတ်ခဲ့သည့် အလွန့်အလွန်အားကောင်းသော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် အရိပ်ရသစ်ပင်များ၊ သီးပင်စားပင် အမြောက်အများ လဲကျခြင်း၊ ကျိုးကျခြင်း၊ သစ်ပင်ကြီးများဆိုလျှင် အမြစ်မှပင် ကျွတ်ထွက်သွားခြင်းများ ဖြစ်ပွားခဲ့သည်။

ယင်းကြောင့် ရခိုင်ဒေသတွင် သစ်ပင်များ၊ အထူးသဖြင့် အရိပ်ရပင်များ မရှိတော့၍ အပူဒဏ်ကို ပိုမိုခံစားလာနေရသည်ဟုလည်း ဒေသခံများက ပြောသည်။

ရခိုင်ရှိ နောက်ထပ် သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသည့် လူမှုအဖွဲ့အစည်းအချို့ကလည်း ULA/AA နည်းတူ ရပ်ရွာအချို့တွင် အရိပ်ရပင်များ၊ သီးပင်စားပင်များကို စိုက်ပျိုးနေကြသည်ဟုလည်း သိရသည်။




ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကိုကုစားနိုင်ရန် တစ်ဦးချင်း တစ်ယောက်ချင်းအနေဖြင့် မိမိနေအိမ်နှင့် မိမိတို့၏ပတ်ဝန်းကျင်များတွင် အရိပ်ရပင်များနှင့် သီးပင်စားပင်များကို တပိုင်တနိုင်စိုက်ပျိုးကြရန်လိုအပ်သည်ဟုလည်း သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူများက အကြံပြုတိုက်တွန်းနေကြသည်။

 

အပင်အမျိုးအစား၊ အပင်အရေအတွက်နှင့် နောက်ထပ်မည်သည့်နေရာများတွက် ဆက်လက်စိုက်ပျိုးမည်ဆိုသည်ကို တိတိကျကျထုတ်ပြန်ခြင်း မရှိသေးပေ။ (NN-16)

Photo - ULA/AA

ဆက်စပ် သတင်းများ