တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရသေ့တောင်တွင် စစ်ကောင်စီတပ်သား ၂ ဦး ပျောက်သွားသည်ကိုလိုက်ရှာသည့်စစ်ကောင်စီတပ်နှင့် AA တို့ ထိပ်တိုက်တွေ့ပြီး စစ်ရေးတင်းမာခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 1.7k


(တစ်ဘက်နှင့်တစ်ဘက် ယုံကြည်မှုပျက်လာလျှင် တိုက်ပွဲပြန်ဖြစ်နိုင်ဟုဆို)

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် စစ်ကောင်စီတပ်သား ၂ ဦးပျောက်သွားသည်ကိုလိုက်ရှာသည့် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ ထိပ်တိုက်တွေ့ပြီး စစ်ရေးတင်းမာမှုဖြစ်ခဲ့ကြောင်း သိရသည်။


ယမန်နေ့ ဇူလိုင်လ ၁၄ ရက်တွင် ပျောက်ဆုံးသွားသည့် စစ်ကောင်စီတပ်သား ၂ ဦးကို လိုက်ရှာသည့် ယူနီဖောင်းနှင့် လက်နက်အပြည့်အစုံပါရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာသို့ဝင်ရောက်ရန် ကြိုးစားရာမှ ယင်းနယ်မြေကို ထိန်းချုပ်ထားသည့် AA တပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်မှုများဖြစ်လောက်အောင်အထိ အခြေအနေတင်းမာခဲ့သည်ဟု ဒေသခံများက ပြောသည်။

 

ရသေ့တောင် ဒေသခံတစ်ဦးက စစ်သား ၂ ယောက်ပျောက်သွားတယ်။ ပျောက်သွားတော့ လိုက်ရှာကြတဲ့ စစ်ကောင်စီတပ်က ဦးဂါဘက်ကိုတက်ဖို့တောင်းတယ်ပြောတယ်။ AA ကလည်း ခွင့်မပြုလို့၊ စစ်တပ်ကလည်း တက်မယ်အဲလိုရှိမယ်။ အဲဒါကြောင့်ဖြစ်ခဲ့တာဟု ပြောသည်။

နောက်ပိုင်းတွင် စစ်ကောင်စီတပ်သားများက လက်လျှော့လှည့်ပြန်သွား၍ တစ်စုံတရာ ပစ်ခတ်မှုများ မဖြစ်ပွားခဲ့ဟု ဆိုသည်။

ပျောက်ဆုံးသွားသည့် စစ်ကောင်စီတပ်သား ၂ ဦးနှင့်ပတ်သက်သည့် အသေးစိတ်ကိုမူ လောလောဆယ် မသိရသေးဟုလည်း သူက ပြောသည်။

လက်ရှိတွင် ယင်းဒေသတဝိုက်၌ AA က အင်အားဖြည့်ထားသည်ဟုလည်း သိရသည်။

AA နှင့် စစ်ကောင်စီတပ်တို့သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်မှစတင်ကာ နှစ်ဘက်နားလည်မှုဖြင့် ယနေ့အချိန်ထိ အပစ်အခတ်ရပ်စဲထားကြခြင်းဖြစ်သည်

ယင်းသို့ နားလည်မှုဖြင့် ယူထားကြသည့် ကတိကဝတ်များဖြစ်သည့်အတွက် ယခုကဲ့သို့ တစ်ဘက်နှင့်တစ်ဘက် ယုံကြည်မှုများပျက်ပြားလာပါက တိုက်ပွဲများပြန်ဖြစ်လာနိုင်သည်ဟု ရခိုင့်နိုင်ငံရေးလေ့လာသုံးသပ်သူ မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက သုံးသပ်ပြောသည်။

တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုပျက်ပြားလာရင်တော့ တိုက်ပွဲကတော့ဖြစ်လာနိုင်တယ်။ မကြာခဏ ထိတွေ့မှုတွေ ဖြစ်လာတယ်။ ပွတ်တိုက်မှုတွေဖြစ်လာတယ်။ ဆွေးနွေးပွဲ လမ်းကြောင်းဆိုရင်လည်း မရောက်ဘူး။ အဲလိုနဲ့ ယုံကြည်မှုလည်း ပြန်ပြီး ပျက်စီးသွားတတ်တယ်ပေါ့။ ဒါကြောင့် ဒီလို လိပ်ခဲတည်းလဲလုပ်ဖို့အခြေအနေမျိုးမှာ ပိုပြီး တိကျတဲ့ စည်းကမ်းစည်းမျဉ်းတွေနဲ့၊ ပိုပြီးတိကျတဲ့ နယ်နိမိတ်သတ်မှတ်ချက်တွေနဲ့ အဲလိုဟာတွေကိုလုပ်ရင်တော့ ပိုကောင်းမယ်။ မဟုတ်ရင်တော့ ဒီလိုဟာမျိုး တဖြည်းဖြည်းတင်းမာလာရာကနေ ယုံကြည်မှုတွေ ပျက်စီးသွားနိုင်တယ်ဟု ပြောသည်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်လည်း ရခိုင်တွင်  အပစ်ရပ်ပြီးနောက် ရခိုင်ပြည်သို့ ၄ ကြိမ်တိတိရောက်ရှိလာခဲ့သည်။

သူ၏ခရီးစဉ်များတွင် ရခိုင်ရှိ တပ်မိသားစုများနှင့်တွေ့ဆုံပြီး စစ်ရေးသတိများရှိရန်နှင့် စစ်သားဟူသည် တိုက်ပွဲဝင်ရန် အသင့်ရှိနေရမည်စသည်ဖြင့် ပြောဆိုစည်းရုံးမှုများကိုလည်း ပြုလုပ်ခဲ့သည်ဟု စစ်ကောင်စီပိုင်သတင်းစာများ၏ထုတ်ပြန်ချက်များအရ သိရသည်။ (NN-16)

ဆက်စပ် သတင်းများ