သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်နိုင်ငံရေးပါတီ (၃)ခု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်တွေ့မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 1.4k

မာန်ယုကျော် (ရွှေဝမြေ)

စစ်တွေ၊ ဇွန် ၂၃/ ၂ဝ၂ဝ

 ရခိုင်နိုင်ငံရေးပါတီ (၃)ခုဖြစ်သော ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)နှင့် ရခိုင့်ဦးဆောင်ပါတီ (AFP)တို့သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် လာမည့်ရက်ပိုင်းအတွင်း တွေ့ဆုံသွားမည်ဟု သိရသည်။

 အဆိုပါပါတီ (၃)ခုသည် ဇွန်လ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့ရှိ MELIA ဟိုတယ်၌တွေ့ဆုံရန် ဖိတ်ကြားခြင်း ခံထားရသည်ဟု ပါတီတာဝန်ရှိသူများက နိရဥ္စရာသို့ ပြောသည်။ 

ဖိတ်စာတွင် တွေ့ဆုံမည့်အကြောင်းအရာမပါရှိသည့်အတွက် တွေ့ဆုံပွဲအပေါ်မူတည်ကာ ရခိုင်ပြည် ရွေးကောက်ပွဲအခြေအနေများကို ဆွေးနွေးတင်ပြသွားမည်ဟု ရခိုင်အမျိုးသားပါတီ (ANP)ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။

 "တစ်ခါတလေ ရွေးကောက်ပွဲကော်မရှင်နဲ့ ဆွေးနွေးပွဲတွေမှာက ပုံစံမကျတာတွေရှိတယ်။ အဲလို ပုံစံ မကျတာတွေ ရှိတဲ့ အတွက် နိုင်ငံရေးပါတီဘက်က တင်ပြဆွေးနွေးမှုတွေက ထိထိရောက်ရောက် မလုပ်နိုင်တာတွေလည်း ရှိခဲ့တယ်လေ။ ဒါကြောင့် ဒီအခေါက်တော့ သူတို့ အခင်းအကျင်း၊ ဘယ်လို အခင်းအကျင်း ပုံစံမျိုးထွက်လာမလဲ အပေါ်မှာ၊ ရွေးကောက်ပွဲက တွေ့ဆုံဆွေးနွေးရေး တွေ့ဆုံတဲ့ အခင်းအကျင်း အပေါ်မှာပဲ ကိုယ့်ဘက်က ဘယ်လောက်တင်ပြနိုင်မလဲအပေါ်မှာမူတည်ပြီးတော့ ကိုယ်တို့ ပြောသင့်ပြောထိုက်တာကိုတော့ တင်ပြဖို့ အဲလိုပဲ ယူဆထားတယ်။"ဟု ဦးသာထွန်းလှက ဆိုသည်။

 ယင်းသို့တွေ့ဆုံရန်ဖိတ်ကြားသည့် ဖိတ်စာတွင် နိုင်ငံရေးပါတီတစ်ခုလျှင် တစ်ဦးတည်းသာ တက်ရောက်ခွင့် ရှိမည်ဖြစ်သည့်အတွက် ရခိုင်အမျိုးသားပါတီ (ANP)မှ ဥက္ကဋ္ဌ ဦးသာထွန်းလှတက်ရောက်မည်ဖြစ်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)မှ အတွင်းရေးမှူး ဦးမျိုးကျော် တက်ရောက်မည်ဖြစ်သည်။ ရခိုင့်ဦးဆောင်ပါတီ (AFP)မှ မည်သူတက်ရောက်မည်ဆိုသည်ကို နိဥ္စရာအနေဖြင့် ဆက်သွယ်၍ မရသေးပေ။

 ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)မှ အတွင်းရေးမှူး ဦးမျိုးကျော်က "အကယ်၍ အခွင့်အရေး အဲလို ဆွေးနွေးခွင့် သာရမယ်ဆိုရင်တော့ ရခိုင်ပြည်နယ်မှာ မဲဆန္ဒဘယ်နှစ်ခုမှာ ရွေးကောက်ပွဲကျင်းပမလဲပေါ့နော်။ သူတို့ကတော့ ပြောထားတာကတော့ တစ်နိုင်ငံလုံးလို့ ပြောထားတယ်လေ။ သို့သော်လည်း ရခိုင်ပြည်နယ်အနေနဲ့ တစ်ပြည်လုံးမှာ ဖြစ်ဖို့ဆိုတာကတော့ အခုအနေအထားမှာ မလွယ်ဘူး။ အုပ်ချုပ်ရေးယန္တရားပျက်ပြားနေတယ်။ သို့သော်လည်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူကတော့ အဲလောက်ထိ မဆိုးဘူးဆိုတယ်လေ။ ဒီအပေါ်မှာတော့ ဟိုဟာဖြစ်ကြမယ်။ သို့သော် ပါတီအနေနဲ့ကတော့ တစ်ပြည်လုံးမှာ ကျင်းပနိုင်မလားဆိုတဲ့ ဟာမျိုးကို ကြိုတင် ပြင်ဆင်လို့ရအောင် သိချင်တယ်ပေါ့လေ။ အဲဒီကိစ္စကိုတော့ မေးချင်တယ်။ မေးဖို့မှန်းထားတယ်"ဟု နိရဥ္စရာသို့ ပြောသည်။

 လာမည့် ၂ဝ၂ဝ ရွေးကောက်ပွဲကို နိုဝင်ဘာလအတွင်း ကျင်းပသွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ဇွန်လ ၄ ရက်နေ့တွင် သတင်းမီဒီယာတချို့ကို ပြောဆိုထားသည်။

 "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုက်ပွဲများပြင်းထန်နေသည့် ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပ နိုင်ခြေရှိ/မရှိဆိုသည်ကိုမူ သက်ဆိုင်ရာပြည်နယ် အုပ်ချုပ်ရေးမှူးများနှင့်တိုင်ပင်ဆွေးနွေးနေသည်ဟုလည်း သူက ဆိုသည်။

 အကယ်၍ ရခိုင်တွင် တိုက်ပွဲများပြင်းထန်နေသည့်အတွက် ရွေးကောက်ပွဲမကျင်းပနိုင်ဆိုပါက ရခိုင်လူထု၏ ရပိုင်ခွင့်များ ဆုံးရှုံးနစ်နာသွားမည်ဟု ရခိုင်အမျိုးသားပါတီ (ANP)ဥက္ကဋ္ဌ ဦးသာထွန်းလှက သုံးသပ်ပြောဆိုသည်။

 "အခု ရွေးကောက်ပွဲရှိလို့ လွှတ်တော်ကိုယ်စားလှယ်ရှိနေတာတောင်မှ အပြစ်မဲ့ ပြည်သူတွေ အတိ ဒုက္ခ ရောက်တာတွေ၊ ဖမ်းဆီးခံရတာတွေ၊ ဒဏ်ရာရတာတွေ၊ သေဆုံးမှုတွေက နေ့စဉ်ရက်ဆက်နီးပါးဖြစ်နေတယ်လေ။ ဆိုတော့ ရွေးကောက်ပွဲမရှိဘူးဆိုရင်တော့ ဒီအဖြစ်အပျက်တွေ၊ ပြည်သူတွေ ထိခိုက်နစ်နာမှု ပိုများလာမယ်လို့ မြင်တယ်။"ဟု ဦးသာထွန်းလှက နိရဥ္စရာကိုပြောသည်။

 ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များနှင့် တောင်ပိုင်းရှိ မြို့နယ်အချို့တို့တွင် ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလမှ ယခုအချိန်ထိ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိနေသည်။ တိုက်ပွဲအကြား အရပ်သားပြည်သူများ သေဆုံး ဒဏ်ရာရမှုများ၊ သံသယဖြင့် ဖမ်းဆီးခံရမှုများ၊ ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးနေမှုများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တာဝန်မှ နုတ်ထွက်ထားမှုများစသည့်ဖြစ်စဉ်များကြောင့် ဒေသမတည်မငြိမ်မှုများနှင့် အုပ်ချုပ်ရေးယန္တရား ပျက်ပြားလျက်ရှိနေသည်။

ယခုကဲ့သို့ ဒေသမငြိမ်မသက်မှုများကြောင့် လာမည့်ရွေးကောက်ပွဲအား ရခိုင်တွင် ကျင်းပနိုင်ခြေရှိ/မရှိ ဆိုသည်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိသေးပေ။


ဆက်စပ် သတင်းများ